မဲခေါင်၊ ဇူလိုင် ၂၁
ထိုင်းနိုင်ငံ ဆီဆခက်ခရိုင် နန်ကလီယန်းခရိုင်ခွဲရှိ ဘုန်းကြီးကျောင်းများတွင် လူငယ်များ မူမမှန်စွာ ဝင်ထွက်သွားလာနေသည်ကို ဒေသခံများက စိုးရိမ်ပြီး တိုင်ကြားမှုကြောင့် ဘုန်းကြီးကျောင်း ၂ ကျောင်း အား စစ်ဆေးကာ ဆေးစစ်ရာတွင် ဘုန်းကြီး ၄ ပါး စိတ်ကြွဆေးသုံးကြောင်း အဖြေထွက်ခဲ့သည်။
သတင်းများအရ ယင်းအရပ်ရှိ ဘုန်းကြီးကျောင်းများစွာတွင် စိတ်ကြွမူးယစ်ဆေးပြားများ ရောင်းဝယ်မှုရှိနေသဖြင့် လူငယ်များ မူမမှန်စွာ ဝင်ထွက်ဝယ်ယူနေခြင်းဖြစ်သည်ဟု ဆိုသည်။ ဘုန်းကြီးကျောင်း ၂ ကျောင်းမှ စိတ်ကြွဆေးသုံးကြောင်း စစ်ဆေးတွေ့ရှိရသော ကိုယ်တော် ၄ ပါးကို လူဝတ်လဲ စေပြီးနောက် ပြန်လည်သန်စွမ်းရေးစင်တာသို့ ပို့ဆောင်ထားကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများက ထုတ်ပြန်သည်။
၄ ပါးအနက် သက်တော် ၆၀ ဝန်းကျင်ရှိ ဘုန်းကြီးဟောင်းက ၎င်းတွင် နာတာရှည် နာကျင်ကိုက်ခဲသည့်ဒဏ်ရှိနေရာ ဆေးကုသပျောက်ကင်းခြင်းမရှိသည့်အတွက် ဝါဝင်ချိန် တရားကျင့်ကြံ အားထုတ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရေး စိတ်ကြွဆေးသုံးခြင်းက နာကျင်မှုကို သက်သာစေသည်ဟု အကြံပေးကြသဖြင့် ဆေးပြား ၂ ပြား သုံးမိသည်ဟု ဆင်ခြေပေးခဲ့ကြောင်း သိရသည်။
Ref: Bangkokpost
ကိုကလင်း
#MeKongNews
#ထိုင်းဘုန်းကြီး
#စိတ်ကြွဆေးပြား
#လူဝတ်လဲ
#ဝါဝင်ချိန်








