မဲခေါင်၊ ဇူလိုင် ၂၁
အမေရိကန်နှင့် နေတိုးအနောက်မဟာမိတ်အုပ်စုသည် ရုရှားနိုင်ငံကို မုန်းတီးစိတ်ဖြင့် ပျက်သုဉ်းရန် ကြိုးစားနေကြသည့်အတွက် တတိယကမ္ဘာစစ်ကြီးသည် စတင်နှင့်ပြီးနေပြီဖြစ်ရာ အနောက်နိုင်ငံများသို့ ပူတင် အနေဖြင့် ပစ်ခတ်တိုက်ခိုက်မှုစလုပ်သင့်ပြီဖြစ်ကြောင်း ရုရှား သမ္မတဟောင်း မက်ဗီဒက်ဗ်က တိုက်တွန်းခြိမ်းခြောက်ပြောဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းကမ်းလှမ်းထားသည့် ယူကရိန်းနှင့် ငြိမ်းချမ်းရေးအဆိုကို ရက် ၅၀ အတွင် ပူတင်လက်မခံပါက ရုရှားအား သွင်းကုန်အခွန်စည်းကြပ်မှု ၁၀၀ ရာခိုင်နှုန်းသတ်မှတ်မည် ဟု ရာဇသံပေးကာ ယူကရိန်းထံသို့လည်း ပက်ထရိယော့လေကြောင်းရန်ကာကွယ်ရေး ဒုံးများနှင့်အခြား နောက်ဆုံးပေါ် လက်နက်များ ပေးသွားမည်ဟု ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ပြောဆိုခဲ့သည်။
ထို့နောက် မက်ဗီဒက်ဗ်က ရုရှားသည် နေတိုးပိုင်နက်အတွင်း ကျူးကျော်လိမ့်မည်ဟု ထင်ကြေးပေးနေမှု များမှာ အခြေအမြစ်မရှိသော ထင်ကြေးများသာဖြစ်ကြောင်း၊ သို့သော် ယူကရိန်းမှ မိမိတို့၏ သမိုင်းအစဉ်အလာကြီးမားသော ရုရှားနိုင်ငံအား ပစ်ခတ်နေသည့် ဒုံးကျည်များမှာ အနောက်ထုတ် လက်နက်များသာဖြစ်ကာ ထောက်လှမ်းရေးစနစ်များမှအစ အနောက်နိုင်ငံများမှ ပေးသည်စနစ်များ ဖြစ်သောကြောင့် တတိယကမ္ဘာစစ်က စတင်နှင့်နေပြီဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံအား ဖျက်ဆီး လိုနေသည့် အမေရိကန်နှင့်အနောက်နိုင်ငံများကို ကြိုတင်ကာကွယ်မှုအဖြစ် ယခုကတည်းက ပစ်ခတ် တိုက်ခိုက်သွားသင့်ပြီဖြစ်ကြောင်း ပူတင်ကို သွေးထိုးတိုက်တွန်းမှု လုပ်ဆောင်သွားခြင်းဖြစ်သည်။
မက်ဗီဒက်ဗ်သည် ၂၀၀၈ မှ ၂၀၁၂ ခုနှစ်အထိ ရုရှားသမ္မတ ရာထူးကို ရယူခဲ့ကာ ပူတင် သမ္မတနေရာ ပြန်တက်လာပြီးနောက် ၂၀၂၀ ခုနှစ်အထိ ဝန်ကြီးချုပ်ရာထူးတာဝန်ထမ်းဆောင်ခဲ့ပြီး လက်ရှိ ရုရှား လုံခြုံရေးကောင်စီ ဒုဥက္ကဌ တာဝန်ရယူထားသူဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#အနောက်နိုင်ငံ
#နေတိုး
#တတိယကမ္ဘာစစ်








