မဲခေါင်၊ ဇူလိုင် ၁၆
ဆုကြေး ထိုင်းဘတ်ငွေ ၂ ဒသမ ၅သန်းထုတ်ထားသည့် ထိုင်းနိုင်ငံဘက်မှ အလိုရှိ တရားခံ ၂ ဦးကို တာချီလိတ်မြို့ရှိ မြန်မာမူးယစ်ရဲတပ်ဖွဲ့က ဇူလိုင်လ ၁၆ ရက်တွင် လွှဲပြောင်းပေးသည်။
မစ္စတာ သီချင်နှင့် မစ္စတာ ချာမန် အမည်ရ ထိုင်းအလိုရှိတရားခံ ၂ဦးကို တာချီလိတ်ချစ်ကြည်ရေးတံတား ၂ မှတဆင့် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှ မူးယစ်ရဲချုပ်ကိုယ်တိုင် လာရောက်လက်ခံ လွှဲပြောင်းယူသွားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြသည်။
ထိုင်းအလိုရှိတရားခံ ၂ ဦးမှာ ချိုင်နက်၊ နခွန်စဝမ်၊ ဖိချစ်နှင့် ဘန်ကောက်ခရိုင်တို့တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဇွန်လအတွင်း ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးမှု ၄ မှုနှင့် ဆက်စပ်နေသူများဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးမှု ၄ မှုမှာ ဘိန်းဖြူ ၁၅၄ ကီလိုဂရမ် ဖမ်းဆီးရမိမှု၊ အိုက်စ် ၆၀၉ ကီလိုဂရမ် ဖမ်းဆီးရမိမှုနှင့် စိတ်ကြွဆေးပြား ၁ ဒသမ ၃ သန်း ဖမ်းဆီးရမိမှုတို့ ပါဝင်ကြောင်း ထိုင်း ONCB က ဆိုသည်။
ယင်းအမှုများနှင့် ဆက်စပ်ပြီး သီချင်၊ ချာမန်နှင့် ဖက်ဖွန်းတို့ ၃ ဦးကို ဝရမ်းထုတ်ခဲ့ရာ ဖက်ဖွန်းကိုမူ ထိုင်းဘတ် သန်း ၈၀ တန်ကြေးရှိ ပိုင်ဆိုင်မှုများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ကျန် ၂ ဦးမှာမူ တာချီလိတ်တွင် ပုန်းအောင်းနေရာမှ ဖမ်းမိပြီး ယနေ့တွင် လွှဲပြောင်းပေးခြင်းဖြစ်ကြောင်း သိရသည်။
၎င်းတို့ ၂ ဦးကို ထိုင်းတရားရုံးမှ ဘတ်ငွေ ၂ ဒသမ ၅ သန်း ဆုကြေးထုတ်ထားကြောင်း၊ ဖမ်းဆီးရမိရေးအတွက် မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ထိုင်းဘက်မှ ထုတ်ပြန်သည်။
Ref: Maesai Press, Matichon
#MeKongNews
#တာချီလိတ်
#ထိုင်းနိုင်ငံ
#မူးယစ်တရားခံ
#တရားခံပြေး
#မူးယစ်ဆေးဝါး








