မဲခေါင်၊ ဇူလိုင် ၁၆
တောင်ကျေရေများ ကျဆင်းသဖြင့် ရှမ်းပြည်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်တွင် နမ့်ခုတ်ချောင်းရေ တိုးကာ အနှိမ့်ပိုင်းရပ်ကွက်များသို့ ရေများဝင်နေကြောင်း သိရှိရသည်။
ယနေ့ဇူလိုင်လ ၁၆ ရက် နံနက်ပိုင်းတွင် နမ့်ကျန်းတံတား ကားလမ်းပေါ်သို့ နမ့်ကျန်းချောင်းရေ ကျော်သဖြင့် ကားအသွားအလာများ ရပ်ဆိုင်းကုန်ကြောင်း သိရသည်။
“ရေက တဖြည်းဖြည်း ထိုးဆင်းလာပြီး အားကောင်းလာတယ်။ မနှစ်ကလို ရေကြီးမှာစိုးရိမ်ရတယ်။ ခုလည်း ရေအားများတယ်။ မိုးသာ ဒီထက် ရက်ဆက် သည်းရင် ကြောက်ရပြီ” ဟု မယ်ဆွမ်မြောက်နေသူတစ်ဦးက မဲခေါင်ကို ပြောသည်။
၎င်းအပြင် မြို့ပေါ်အနိမ့်ပိုင်း ဝမ်ကတ်ရပ်ကွက်မှ အနိမ့်ဆုံးနေရာများသို့ ရေဝင်နေသလို ဝမ်ကျောင်း၊ နောင်ဝိုး စသည့်နေရာများရှိ ရေချောင်းများတွင်လည်း ရေတိုးလျက်ရှိကြောင်း သိရသည်။
ယမန်နှစ် စက်တင်ဘာလက ရေကြီးရေလျှံမှုအတွင်း နမ့်ခုတ်ချောင်းရေတိုးမှုကြောင့် မိုင်းဆတ်မြို့ အထွက် တံတားကျိုးသွားသဖြင့် တစ်လခန့် အသွားအလာများ ရပ်ဆိုင်းသွားခဲ့ရသည်။
#MeKongNews
#မိုင်းဆတ်
#နမ့်ခုတ်ချောင်း
#နမ့်ကျန်းတံတား
#ရေကြီး








