မဲခေါင်၊ ဇူလိုင် ၁၅
ဇူလိုင် ၁၃ ရက်တွင် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွမ်မာနက်က မိမိတို့နိုင်ငံသည် လက်ရှိ စစ်အင်အား တောင့်တင်းသော်လည်း စွမ်းရည်နှင့်အရေအသွေးမြှင့်တင်ရန် လိုအပ်သောကြောင့် ကာကွယ်ရေး အသုံးစားရိတ်မြှင့်တင်မည်ဖြစ်သလို ၂၀၂၆ တွင် စစ်မှုထမ်းဥပဒေ ပြဌာန်းကျင့်သုံးရမည်ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
ထိုင်းနှင့် ကမ္ဘောဒီးယားတို့ နယ်စပ်ပိုင်နက်အငြင်းပွားနေမှုတွင် မိမိတို့ဘက်မှ နှစ်နိုင်ငံနယ်ခြားကော်မတီချင်း ညှိနှိုင်းဖြေရှင်းလိုသော်လည်း ထိုင်းအာဏာပိုင်များနှင့်စစ်တပ်သည် အမြဲတစေ ထိုအငြင်းပွားပိုင် နက်ကို ထိုင်းအချုပ်အခြာအာဏာပိုင်နက်ဟုသာ တွင်တွင်ပြောနေသဖြင့် ICJ သို့ နိုင်ငံတကာမှ အသိအမှတ်ပြုရန် တင်ပြထားရခြင်းဖြစ်ကြောင်း၊ အဆိုပါဒေသများတွင် နှစ်နိုင်ငံသားများ လွတ်လပ် စွာနေထိုင်ခဲ့ကြသည်ကို မည်သူ့ပိုင်နက်ဟုမျှ မပြောဘဲ ဆက်နေထိုင်စေလိုသော်လည်း ထိုင်းဘက်မှ ၎င်းတို့မြေဟုသာတွင်တွင် တစ်ဖက်သတ်ပြောဆိုနေသဖြင့် ယခုလို တင်းမာမှုများ ဖြစ်ရကြောင်း ဟွမ်မာနက်က စစ်ဘက်ဆိုင်ရာ အကြီးအကဲများနှင့်တွေ့ဆုံမှုတွင် ပြောသွားခဲ့သည်။
မိမိတို့ဘက်မှ ပိတ်ထားသည့် နယ်စပ်ဂိတ်များပြန်ဖွင့်ရေးတွင်လည်း နောက်တစ်ကြိမ် ထိုင်းဘက်မှ တစ်ဖက်သတ်အမိန့်ဖြင့် နယ်စပ်ဂိတ်များ မပိတ်ရန် ကတိပေးရမည်ဖြစ်ကြောင်း၊ နယ်စပ်ဂိတ်အားလုံး ကိုလည်း ဇွန် ၇ ရက်မတိုင်မီက ကျင့်သုံးခဲ့သည့် မနက် ၆ နာရီမှ ည ၁၀ နာရီအထိ ပြန်ဖွင့်ပေးမှသာ လျှင် မိမိတို့ဘက်မှလည်း ပြန်ဖွင့်ပေးမည်ဖြစ်ကာ တစ်ဖက်သတ်အမိန့်နှင့် ဆုံးဖြတ်ချက်များကို လက်မခံနိုင်ဟု ဟွမ်မာနက်က ပြောသွားခဲ့သည်။
ထိုင်းမီဒီယာများကမူ မကြာမီ စစ်မှုမထမ်းမနေရ ဥပဒေ ရေးဆွဲပြီး ၂၀၂၆ ခုနှစ်တွင် စတင်ကျင့်သုံးမည်ဟု ဟွမ်မာနက် ပြောဆိုမှုအရ ကမ္ဘောဒီးယားသည် ထိုင်းနှင့် စစ်ဖြစ်ရန် ပြင်ဆင်နေသည်မှာ ထင်ရှားသည်ဟု ဖော်ပြနေကြသည်။
ကိုကလင်း
Ref: The Phnom Penh Post
#MeKongNews
#ကမ္ဘောဒီးယား
#စစ်မှုထမ်းဥပဒေ
#ထိုင်းနိုင်ငံ
#နယ်မြေအငြင်းပွားမှု








