မဲခေါင်၊ ဇူလိုင် ၁၃
ထိုင်ဝမ်ဘက်မှ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်နေချိန် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်က တရုတ်ဘက်မှ ယခင်မမြင်ဖူးသော အသစ်ထုတ် ရေပေါ်သွား တင့်ကား (Tank Boats) များဖြင့် ထိုင်ဝမ်ကျွန်းအနီး စစ်ရေးပြ ခြိမ်းခြောက်ခဲ့သည်။
ယင်းမြင်ကွင်းကို ဇူလိုင် ၁၀ ရက် တရုတ်အစိုးရပိုင် CCTV သတင်းဌာနက ထုတ်ပြန်ပြသခဲ့ခြင်းဖြစ်ကာ ဖူဂျီအန်းခရိုင် တောင်ဘက်ကမ်းလွန်တွင် လက်တွေ့ ပစ်ခတ်စစ်ရေးလေ့ကျင့်မှုအား တရုတ်ကွန်မြူနစ်ပါတီ တပ်မ ၇၂ မှ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း ထုတ်ပြန်သွားခဲ့သည်။
အမေရိကန် စစ်ထောက်လှမ်းရေးရင်းမြစ်က တရုတ်သည် ၂၀၂၇ တွင် ထိုင်ဝမ်အား ကျွန်းတက် သိမ်းပိုက်လိမ့်မည်ဟု ခန့်မှန်းသုံးသပ်ထားရာတွင် ဒေါ်နယ်ထရမ့်ကလည်း ထိုင်ဝမ်ကို ကျူးကျော်ပါက ပေကျင်းသို့ ဗုံးကြဲမည်ဟု ပြောဆိုခဲ့သော အသံဖိုင်များ မကြာသေးမီရက်ပိုင်းက ထွက်ပေါ်ခဲ့သဖြင့် တရုတ်နှင့် အမေရိကန် တင်းမာမှုသည်လည်း ပိုမိုမြင့်တက်လာနေသည်။
စစ်ရေးကျွမ်းကျင်သူများက ယခုလို ရေပေါ်တင့်ကားသစ် တပ်ရင်းချီ ချီတက်ပြခြင်းသည် ထိုင်ဝမ်၏ စစ်ရေးလေ့ကျင့်မှုအား တန်ပြန်စိန်ခေါ်ခြင်းဖြစ်သလို ဗဟိုချုပ်ကိုင်အမိန့်ပေးခြင်း လျှော့ချစေမည့် မူဝါဒသစ်အတွက် စနစ်တစ်ခုအား စမ်းသပ်ခြင်းဖြစ်မည်ဟု သုံးသပ်ခဲ့ကြသည်။
ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်သည် ဘိုဟီရာပင်လယ်တွင် ရုရှားစတိုင် ကုန်ရေ နှစ်သွယ်သွားနိုင်သည့် ဧရာမ ရေပေါ်လျှပ်ပြေး (WIG) Aircraft စစ်လေယာဉ်သစ်ကြီးအား စမ်းသပ်နေသည့် မှတ်တမ်းများ ထွက်ပေါ်ခဲ့သလို ပြီးခဲ့သည့်လကလည်း ပင်လယ်ထဲ ဘောတံတားထိုးပြီး ဧရာမ စစ်လေယာဉ် ၃ စီး ရပ်နားထားသည်ကို ဂြိုဟ်တုဓာတ်ပုံမှ ရိုက်ကူးမြင်တွေ့ရသဖြင့် ထိုင်ဝမ်အရေးသည်လည်း တရုတ် နှင့် အမေရိကန် ထိပ်တိုက်တွေ့လျှင် တတိယကမ္ဘာစစ်ဖြစ်စေမည့် အဓိက အကြောင်းအရင်းမြစ်ဖြစ်မည်ဟု စိုးရိမ်မှုများ တိုးလာခဲ့သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ထိုင်ဝမ်
#စစ်ရေးပြ
#တရုတ်
#ခြိမ်းခြောက်








