မဲခေါင်၊ ဇူလိုင် ၁၂
ကမ္ဘောဒီးယားအာဏာရှင် ဟွမ်ဆန်ကြောင့် ပြည်ပသို့ထွက်ပြေးတိမ်းရှောင်နေရသည့် အတိုက်အခံ ခေါင်းဆောင် ဆမ်ရိန်ဆီက လက်ရှိ ကမ္ဘောဒီးယားနိုင်ငံအတွင်း ကျားဖြန့်အဆောက်အအုံများ၌ ပိတ်လှောင်ကာ အဓမ္မအလုပ်ခိုင်းစေခံနေရသူပေါင်း ၁၂၀၀၀၀ ရှိနေကြောင်း ဇူလိုင် ၁၁ ရက်က ၎င်း၏ ဖေ့စ်ဘုတ်တွင် ရေးတင်ခဲ့သည်။
၎င်းက အပြည်ပြည်ဆိုင်ရာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International ၏ ၁၈ လကြာ သုတေသနပြုထားပြီး လွတ်မြောက်လာသူ ၅၈ ဦးကို တွေ့ဆုံ မေးမြန်းထားမှုများပါဝင်သည့် စာမျက်နှာ ၂၅၀ ပါ အစီရင်ခံစာကို ကိုးကားဖော်ပြခဲ့ခြင်းဖြစ်သည်။
အင်အားတောင့်တင်းကာ ရက်စက်သည့် တရုတ်မာဖီးယားများသည် ကျားဖြန့်အဆောက်အအုံတစ်ခုအတွင်း အနည်းဆုံး လုံခြုံရေး ၅၃ ယောက် ထားရှိကာ လူမှောင်ခိုကူးပြီး အဓမ္မကျားဖြန့်လုပ်ခိုင်းသူများအား လျှပ်စစ်ကျဉ်စက်များ၊ တုတ်များဖြင့်နှိပ်စက်ခိုင်းစေနေကြောင်း၊ အဓမ္မစေခိုင်းခံနေရသူများသည် ကမ္ဘောဒီးယား တစ်နိုင်ငံတည်းမှ မဟုတ်ဘဲ ထိုင်း၊ ဗီယက်နမ်၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် အခြားနိုင်ငံသားများစွာ ပါဝင်သည်ဟုလည်း ဆိုသည်။
ယင်းဒုစရိုက်ကွန်ရက်ကို တားဆီးကာ မိမိတို့နိုင်ငံသားများအား ပြန်ခေါ်နိုင်ရေး ဗီယက်နမ်နှင့် ထိုင်းနိုင်ငံများမှ ကယ်တင်ခြင်းလုပ်ငန်းစဉ်များ စတင်နေပြီဖြစ်သည်။
ယင်းကျားဖြန့်လုပ်ငန်းများသည် ကာစီနိုလုပ်ငန်းကို ဗန်းပြကာ ငွေကြေး ခဝါချမှုများကို အိမ်ခြံမြေ လုပ်ငန်းများမှတစ်ဆင့် လွှဲပြောင်းရယူကြကြောင်း၊ ထိုသို့ ငွေလွှဲရန် ကမ္ဘောဒီးယားနိုင်ငံတစ်ဝန်း ဟန်ပြ ကုမ္ပဏီများစွာလည်း ထူထောင်ထားကြောင်း၊ ကမ္ဘောဒီးယားအစိုးရမှ မသိဟန်ဆောင်ကာ အရေးယူမှု မရှိသလောက်ရှားပြီး တရုတ်မာဖီးယားများကိုပင် ပတ်စ်ပို့တ်များ ထုတ်ပေးနေခဲ့ကြောင်း၊ ထိုင်းနိုင်ငံ နယ်စပ်တစ်လျှောက်တွင် ယင်းကျားဖြန့်လုပ်ငန်းများ အခြေစိုက်ထားပြီး နှစ်စဉ် ဘီလီယံချီသော ငွေမည်းများ ရယူနေခြင်းတွင် အာဏာရှင် ဟွမ်ဆန်နှင့်မိသားစုဆွေမျိုးများသည်လည်း အကျိုးအမြတ်များစွာ ရရှိနေကြောင်း ထိုင်းမီဒီယာများက ဆိုသည်။
ထို့ကြောင့် ထိုင်းဘက်မှ နယ်စပ်တွင် ဒုစရိုက်နှိမ်နင်းမှုများ မကြာသေးခင်က စတင်လုပ်ဆောင်သည်ကို မကျေနပ်သောကြောင့် ကမ္ဘောဒီးယားအာဏာရှင် ဟွမ်ဆန်က နယ်စပ်ပိုင်နက် အငြင်းပွားနေမှုကို အကြောင်းပြပြီး တင်းမာမှုမြင့်တက်စေရန် ရန်စနေခြင်းဖြစ်သည်ဟု ထိုင်းမီဒီယာက အာဘော်များ ထည့်သွင်းရေးသား ဖော်ပြသွားခဲ့သည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ကမ္ဘောဒီးယား
#ကျားဖြန့်
#တရုတ်မာဖီးယား
#ငွေကြေးခဝါချမှု








