မဲခေါင်၊ ဇူလိုင် ၆
ယူကရိန်းကို ကျူးကျော်တိုက်ခိုက်စဉ်ကတည်းက ရုရှားတွင် ရေနံနှင့်သဘာ၀ဓာတ်ငွေဆိုင်ရာ ခရိုနီများ ထူးဆန်းစွာ သေဆုံးနေကြသည့်ဖြစ်စဉ်အတိုင်း အသက် ၆၂ နှစ်ရှိပြီဖြစ်သော ရုရှားအစိုးရပိုင် Transneft ရေနံပိုက်လိုင်း အော်ပရေတာမှ ဒုဥက္ကဌ ဘာဒါလော့ဗ်သည်လည်း မော်စကိုရှိ အဆင့်မြင့် မိုးမျှော်တိုက် ၁၇ လွှာ (ပေ ၁၈၀) အမြင့်မှ ပြုတ်ကျ သေဆုံးခဲ့ပြန်သည်။
ယူဘလက်စကိုယီ အဝေးပြေးလမ်းပေါ်ရှိ အဆိုပါတိုက် ၁၀ လွှာတွင် ဘာဒါလော့ဗ်သည် ဇနီ၊ သားသမီး ၂ ဦးနှင့်အတူနေထိုင်သူဖြစ်ကာ ကနဦးခန့်မှန်းချက်အရ ကိုယ့်ကိုယ်ကိုယ် သတ်သေကာ ခုန်ချ ခြင်းဖြစ်ကြောင်း၊ ဇနီးသည်အတွက် ရေးသားထားသည့် သေတမ်းစာတစ်စောင်လည်း ရရှိကြောင်း ကရင်မလင်ထောက်ခံမီဒီယာများက ရေးသားဖော်ပြနေကြသည်။
သို့သော်ကမ္ဘာ့အကြီးဆုံး ရေနံပိုက်လိုက်အော်ပရေတာ Transneft ကို ဦးဆောင်ထူထောင်သူမှာ အသက် ၇၄ နှစ်ရှိပြီဖြစ်သော ယခင် ရုရှားထောက်လှမ်းရေး KGB စပိုင် နီကိုလိုင် တိုကာရက်ဗ်ဖြစ်ကာ စစ်အေး ကာလအတွင်း ဂျာမနီ၌ ပူတင်နှင့်အတူ တာဝန်ထမ်းရွက်ခဲ့သူဖြစ်သည့်အတွက် မရိုးသားသော သေဆုံး မှုဖြစ်နိုင်ကြောင်းလည်း သုံးသပ်နေကြသည်။
ယူကရိန်းကို ကျူးကျော်စစ်စတင်ဆင်နွှဲသည့် ၂၀၂၂ ခုနှစ်နောက်ပိုင်း ရုရှား၏ ရေနံနှင့်သဘာ၀ဓာတ်ငွေ လုပ်ငန်းများသည် ထိခိုက်ကျဆင်းခဲ့ပြီးနောက် အဆိုပါ နယ်ပယ်မှ အထင်ကရ ပုဂ္ဂိုလ်များ ထူးခြားစွာ ဖြင့် သေဆုံးခြင်းမှာ ဘာဒါလော့ဗ်အပါဆိုလျှင် ၁၂ ယောက်ရှိပြီဖြစ်သည်။
တချို့မှာ သေကြောင်းကြံ စည်မှုအစစ်များဖြစ်သော်လည်း တခြားသေဆုံးမှုများတွင် မသင်္ကာဖွယ်ရာ သွေးရိုးသားရိုး သေဆုံးခြင်း မဟုတ်သည်များကို တွေ့ရှိရသည်ဟု ယူကရိန်းဂျာနယ်လစ် ဒင်းနစ်ကာဇန်းစကီးကလည်း ထုတ်ဖော် ပြောဆိုထားသလို ယခု ဘာဒါလော့ဗ်သေဆုံးမှုအပြီး ယခင်ကလည်း YUKOS နှင့် Lukoil ရေနံနှင့် သဘာ၀ဓာတ်ငွေလုပ်ငန်းများမှ ထိပ်တန်းအဆင့် မန်နေဂျာ ၂ ဦးလည်း တိုက်ပေါ်မှပင် ကျကာသေဆုံး ခဲ့ကြသည့်အတွက် ထိုလောကမှ လုပ်သားများ ပြတင်းပေါက်များနားသို့ပင် မသွားသင့်ဟု အရွဲ့တိုက် ရေးသားသွားခဲ့သည်။
၂၀၂၂ ခုနှစ်က ရုရှား ဒုတိယအကြီးဆုံး ရေနံကုမ္ပဏီ Lukoil ဥက္ကဌ ရာဗီမာဂါနော့ဗ်သည်လည်း ၆ လွှာမှ ပြုတ်ကျသေဆုံးခဲ့ပြီး ထိုနေ့မနက်က ပူတင်သည် ဆိုဗီယက်ခေတ်နောက်ဆုံး နိုင်ငံ့ခေါင်းဆောင် ဂေါ်ဘာချော့ဗ် သေဆုံးမှုအတွက် နောက်ဆုံးဂုဏ်ပြုမှုလုပ်ဆောင်နေချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့သည်။
၂၀၂၃ ခုနှစ်ကလည်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနမှ ဘဏ္ဍာရေးတာဝန်ခံ မာရီနာယန်ကီနာ (၅၈ နှစ်) သည်လည်း စိန့်ပီတာစဘာ့ဂ်မြို့ အထပ်မြင့်တိုက် ၁၆ လွှာမှ ပြုတ်ကျသေဆုံးခဲ့သည်။ ၂၀၂၄ အောက်တိုဘာလကလည်း ယခင်ရေနံကုမ္ပဏီ ဒုဥက္ကဌ မီခေးရိုဂါချက်ဗ် (၆၄ နှစ်) သည်လည်း မော်စကို ၁၀ ထပ်တိုက်မှ ပြုတ်ကျသေဆုံးခဲ့သည်။
မတ်လကလည်း အိုလံပစ် ချန်ပီယံ ၃ ထပ်ကွမ်း နပန်းသမား ဟောင်းလည်းဖြစ် လွှတ်တော်အမတ်ဟောင်းလည်းဖြစ်သူ ဘူဗေဆာ ဆိုင်တီအက်ဗ် (၄၉ နှစ်) လည်း မော်စကိုအထပ်မြင့်တိုက်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့သည့်အတွက် ယခုနောက်ဆုံး ဘာဒါလော့ဗ်သေဆုံးမှု အပေါ်တွင်လည်း ထူးဆန်းသည့် သေဆုံးမှုဟု ရုရှားပြည်သူများက ယူဆနေကြခြင်းဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#ရုရှား
#မော်စကိုမြို့
#ရေနံသူဌေး
#သေဆုံး








