မဲခေါင်၊ ဇူလိုင် ၅
အရှေ့တောင်အာရှတွင် စတင်ခြိမ်းခြောက်ခဲ့သော ကျားဖြန်လုပ်ငန်းများသည် အချိန်တိုအတွင်း တစ်ကမ္ဘာလုံးသို့ ပျံ့နှံ့သွားပြီဖြစ်ကာ လိမ္မော်ရောင် အန္တရာယ်အဆင့်သတ်မှတ်ကာ အမြန်ဆုံး တိုက်ဖျက်နိုင်ရန်လိုအပ်သည်ဟု အပြည်ပြည်ဆိုင်ရာရာဇဝတ်ရဲတပ်ဖွဲ့ – အင်တာပိုက သတိပေးထုတ်ပြန်ခဲ့သည်။
ကျားဖြန့်လုပ်ငန်းများကို လူမှောင်ခိုကူးခြင်းများဖြင့် လည်ပတ်နေခြင်းဖြစ်ရာ ယနေ့ ဒစ်ဂျစ်တယ် AI ခေတ်၌ ပိုကြောက်စရာကောင်းလာကြောင်းနှင့် ထိုဆက်စပ် ရာဇဝတ်ကွန်ရက်များသည် အနောက်အာဖရိက၊ အရှေ့အလယ်ပိုင်း၊ ဗဟိုအမေရိကမှ အစ တစ်ကမ္ဘာလုံးသို့ အရှိန်အဟုတ်ဖြင့် ပျံ့နှံ့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ၂၀၂၅ မတ်လ အစီရင်ခံစာတွင် သတိပေးထုတ်ပြန်ခဲ့သည်။
ထိုအစီရင်ခံစာ၌ ကျားဖြန့်လုပ်ငန်းများ၌ လူမှောင်ခိုကူးခံရကာ အများအားဖြင့် မက်မောသည့် လစာ ကောင်းအလုပ်ဖြင့် မျှားခေါ်သည့် လူမှောင်ခိုကူးခံရသူများသည် အနည်းဆုံး နိုင်ငံ ၆၆ နိုင်ငံမှ ပါဝင်ခဲ့ ကြောင်း၊ ထိုအထဲတွင် ၇၄ ရာခိုင်နှုန်းမှာ အရှေ့တောင်အာရှရှိကျားဖြန့်ဗဟိုချက်များသို့ ရောက်ရှိကာ တချို့မှာ လူမှောင်ခိုကူးခံရပြီး ကျားဖြန့် ဓားစာခံအလုပ်သမားများအဖြစ်သို့ ရောက်ရှိခြင်းမဟုတ်ဘဲ ကြွေးတင်မှု၊ တည်ငြိမ်သော မိသားစုဝင်ငွေရလိုမှုကြောင့် ရည်ရွယ်ချက်ရှိစွာ သွားရောက်လုပ်ကိုင်သူ များလည်း ရှိကြောင်း၊ ထိုမှတစ်ဆင့် နှစ်ဖက်သွားဓားကဲ့သို့ ကျားဖြန့်လုပ်ရန် လူမှောင်ခိုခံရမှုသာမက ထိုမှတစ်ဆင့် အခြားနိုင်ငံများသို့ မည်သို့ ကျားဖြန့်လုပ်လိမ်လည်ရသည်ကို သိရှိကာ နေရပ်ပြန်ပြီး ကျားဖြန့်လုပ်စားနေသူများ ကမ္ဘာအနှံ့ ရှိလာခြင်းဖြစ်သည်ဟု ဆိုသည်။
အထူးသဖြင့် ဥပဒေ အားနည်း ချက်ရှိသော အနောက်အာဖရိကသည် ထပ်မံတိုးပွားလာသော ကျားဖြန့်လုပ်ငန်းများ၏ နောက်ထပ် ဗဟိုချက် ဖြစ်လာမည်ဟု တွက်ဆထားသည်ဟုလည်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
AI ခေတ်တွင် ယခင်နှစ်များကကဲ့သို့ အလုပ်လိမ်ခေါ်မှုနှင့် အလုပ်အကိုင်တည်ငြိမ်စွာတည်ရှိမှုကို လိမ်လည် တည်ဆောက်ပြနိုင်ပြီး အလွန်တိုးတက်လာသဖြင့် ယင်းစနစ်ကြောင့် လူမှောင်ခိုနှင့် နည်းပေါင်းစုံဖြင့် ကျားဖြန့် ငွေလိမ်မှုများကို အကျိုးပြုလာကြောင်း၊ ဥပမာအားဖြင့် ၂၀၂၄ ခုနှစ်က တာဝန်ရှိသူများသည် ဖိလစ်ပိုင်နှင့် နမီးဘီးယားရှိ ကျားဖြန့်လုပ်ငန်းများကို ဝင်စီးနင်းဖြိုခွင်းခဲ့ရာ ကျားဖြန့်စင်တာတစ်ခု၌ လူငယ် ၈၈ ယောက်ကို တွေ့ရကြောင်း၊ ကွန်ပျူတာ ၁၆၃ လုံးနှင့် မိုဘိုင်းဖုန်း ၃၅၀ ကိုလည်း သိမ်းဆည်းရမိပြီး အလုပ်လိမ်ခေါ်မှုများကိုAI နည်းပညာသစ်တစ်ခုဖြစ်သော Deepfake မှ အများဆုံး လိမ်လည်ခြင်းဖြစ်ကြောင်း၊ ကျားဖြန့် လူမှောင်ခိုမှုများတွင် အမျိုးသား ၈၀ ရာခိုင်နှုန်းကျော် ရှိပြီး ၆၁ ရာခိုင်နှုန်းမှာ အသက် ၂၀ မှ ၃၉ နှစ်ကြား လူငယ်များဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။
အင်တာပိုအဖွဲ့မှ ညွှန်ကြားရေးမှူး စီရီဂေါက်က အလွန်လျှင်မြန်စွာ ကမ္ဘာအနှံ့တည်ရှိလာသော ကျားဖြန့် ကွန်ရက်သည် ငွေလိမ်ဒုစရိုက်မှုတစ်ခုတည်းအဖြစ်သာ ရပ်တည်သည်မဟုတ်ဘဲ မူးယစ်ဆေးနှင့် တရားမဝင်မှောင်ခိုလုပ်ငန်းပေါင်းစုံသည်လည်း ထိုကွန်ရက်မှပင် လမ်းကြောင်းများအတိုင်း သွားသည့်အတွက် စစ်မှန်သော နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု မရှိမဖြစ် လိုအပ်လာပြီဖြစ်ကြောင်း၊ အစိုးရ အချင်းချင်းအကြား၊ NGOs များအကြား၊ နည်းပညာ ကုမ္ပဏီများအကြား တစ်ကမ္ဘာလုံး ပူးပေါင်းဆောင် ရွက်မှသာလျှင် ထိရောက်စွာ တားဆီးနိုင်မည်ဖြစ်ကြောင်း ပြောကြားသွားသည်။
ဥပမာ တရားမဝင် ငွေလွှဲမှုများကို ပိတ်ဆို့ သိမ်းဆည်းသည့် I-GRIP ယန္တရားကဲ့သို့သော နည်းပညာ အဟန့်အတားများ၊ ကျားဖြန့်လိမ်လည်မှု အများစုမည်သည့် နည်းပညာပလက်ဖောင်းမှ သွားသည်ကို ယင်းနည်းပညာကုမ္ပဏီများကိုယ်တိုင် က ပူးပေါင်းပြီး နိုင်ငံတိုင်းမှ အစိုးရများနှင့် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု လုပ်ဆောင်နိုင်ရန် အထူးလိုအပ်နေပြီဟု သတိပေးပြောကြားခဲ့သည်။
ကိုကလင်း
Ref: The Nation
#MeKongNews
#ကျားဖြန့်
#အင်တာပိုလ်
#အရှေ့တောင်အာရှ
#AIနည်းပညာ








