မဲခေါင်၊ ဇူလိုင် ၂
ထိုင်းနိုင်ငံအတွင်း နေထိုင်နေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံသားများ စုဝေး ဆန္ဒပြသည့် နေရာများအား ရှောင်ရှားကြရန်၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း မပြုကြရန် အမျိုးသားညီညွတ်ရေးအစိုးရ – NUG က သတိပေးထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဘန်ကောက်မြို့ရှိ ထိုင်းလူမျိုးတို့ ဆန္ဒပြနေသည့် နေရာအနီးသို့ ကားဖြင့် ရောက်ရှိသွားသည့် မြန်မာအလုပ်သမား ၇ ဦး အဖမ်းခံရသည့် ဖြစ်စဉ်လည်း ရှိနေသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၂ ရက်စွဲဖြင့် ထုတ်ပြန်ထားချက်အရ ထိုင်းနိုင်ငံအတွင်း လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအရပ်ရပ်တို့နှင့်ပတ်သက်၍ ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများအနေဖြင့် ထိုင်းနိုင်ငံသားများ စုဝေး ဆန္ဒပြသည့် နေရာများအား ရှောင်ရှားကြရန်၊ ထိုင်းနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခြင်း မပြုကြရန် NUG က တိုက်တွန်း နှိုးဆော်ထားခြင်း ဖြစ်သည်။
တိုင်းပြည်အခြေအနေအရပ်ရပ်ကြောင့် မလွှဲသာမရှောင်သာ အိမ်နီးချင်းနိုင်ငံများတွင် ယာယီခိုလှုံနေထိုင်ကြစဉ် နိုင်ငံ၏ ဥပဒေ၊ ဒေသန္တရ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း၊ လူမှုအသိုင်းအဝိုင်းတို့နှင့် သဟဇာတဖြစ်စွာ နေထိုင်ကြရန်လည်း တိုက်တွန်းထားသည်။
ထို့အတူ ထိုင်းဘုရင်၊ အစိုးရ၊ လွှတ်တော်၊ ထိုင်းတပ်မတော်၊ ထိုင်းပြည်သူလူထုတို့အား ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေကြသည့် မြန်မာနိုင်ငံသားများကိုယ်စား အမျိုးသားညီညွတ်ရေးအစိုးရက အထူးကျေးဇူးတင်လျက်ရှိပါကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများသည် ထိုင်းနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ခြိမ်းခြောက်နေသူများ မဟုတ်ကြဘဲ မြန်မာနိုင်ငံအတွင်း စစ်အုပ်စု၏ အာဏာသိမ်းအကြမ်းဖက်မှုကို ဖယ်ရှားအောင်မြင်ပြီးပါက မြန်မာနိုင်ငံသို့ ပြန်လည်နေထိုင်ကြမည့်သူများသာ ဖြစ်သည်ဟု ဆိုသည်။
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအား လူသားချင်း စာနာထောက်ထားလျက် ဆက်လက်၍ ကူညီစောင့်ရှောက်ပေးပါရန် မေတ္တာရပ်ခံပန်ကြားကြောင်းလည်း အမျိုးသားညီညွတ်ရေးအစိုးရ – NUG ၏ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖော်ပြထားသည်။
ဖေသန်း
#MeKongNews
#ထိုင်းနိုင်ငံ
#မြန်မာနိုင်ငံသား
#NUG
#ဆန္ဒပြပွဲ








