မဲခေါင်၊ ဇွန် ၂၆
The Washington Post မှ ရရှိသည့် တယ်လီဖုန်းပြောသံမှတ်တမ်းနှင့် အစ္စရေးမော့ဆက် စစ်ထောက်လှမ်းရေးအဖွဲ့မှ အတွင်းလူ ၃ ဦး ပြောပြမှုအရ မော့ဆက်သည် အီရန် စစ်ခေါင်းဆောင်ပိုင်းများအကြား မတည်မငြိမ်ဖြစ်ပြီး ခါမီနီ အစိုးရ ပြိုကွဲရေးကို ဦးတည်ကာ စစ်ခေါင်းဆောင်များကို သုတ်သင်မှုမလုပ်မီ ဖုန်းဆက်သွယ်ပြီး မိသားစုနှင့်အတူ ခါမီနီလက်အောက်ခံမဟုတ်ဘဲ ရှောင်ပြေးရန်၊ သို့မှမဟုတ်လျှင် ၁၂ နာရီပြည့်သည်နှင့် မိသားစုလိုက် သုတ်သင်ရှင်းလင်းခံရမည်ဟု သတိပေး ခြိမ်းခြောက်ကြောင်း သိရှိရသည်။
အစ္စရေး၏ ကမ္ဘာကျော် မော့ဆက်စစ်ထောက်လှမ်းရေးအဖွဲ့သည် လွန်စွာကြောက်စရာကောင်းပြီး ဇွန် ၁၃ ရက်တွင် စတင်ဖြစ်ပွားသော အီရန်နှင့် စစ်ပွဲကာလအတွင်း အီရန် စစ်ရေးချုပ် ၂ ဦး အပါ ထိပ်တန်း စစ်ဘက်ဆိုင်ရာခေါင်းဆောင်များနှင့် နျူကလီးယားသိပ္ပံပညာရှင်များကို အသေအချာ သုတ်သင်ရှင်းလင်း နိုင်ခဲ့သည်။
မော့ဆက်အတွင်းလူ ၃ ဦးပြောဆိုမှုအရ ၎င်းတို့အဖွဲ့သည် အီရန် စစ်ခေါင်းဆောင် ၂၀ ထက်မနည်းကို ဖုန်းဖြင့်ဆက်သွယ်ကာ အီရန်ဘာသာစကားဖြင့် ခြိမ်းခြောက်ခြင်း၊ ခါမီနီလက်အောက်မှ ရုန်းထွက်မှု သေချာစေသည့် ဗီဒီယိုဖိုင် ပြန်လည်ပေးပို့ရန် တောင်းဆိုခြင်း၊ အချိန် ၁၂ နာရီပေးပြီး မလိုက်နာလျှင် အနီးဆုံး၌ ရှိနေသော တပ်ဖွဲ့ဝင်များမှ ဇနီးနှင့်သားသမီးများကိုပင် အလွတ်မပေးဘဲ သုတ်သင်ရမည်ဟု ခြိမ်းခြောက်ပြောဆိုခဲ့သည်ဟု သိရှိရသည်။
စစ်ဗိုလ်ချုပ်တစ်ဦးကို ဆက်သွယ်ခြိမ်းခြောက်သည့် ဖုန်းပြောဆိုမှုမှတ်တမ်းတွင် အဆိုပါ ဗိုလ်ချုပ်မှာ ကြောက်ရွံ့ပြီး မည်သို့မည်ပုံ ဗီဒီယိုရိုက်ကာ ခါမီနီကို မထောက်ခံတော့ကြောင်း ပြသရမည်အား ပြန်လည်မေးမြန်းကြောင်း၊ ထိုသို့မေးမြန်းစဉ် မော့ဆက်ဘက်မှ သေချာနားထောင်၊ ရှင်းပြမည်၊ ၁၂ နာရီ အတွင်း ခါမီနီ သစ္စာမခံတော့ကြောင်း သက်သေပြကာ ထွက်ခွာလျှင် လွတ်မြောက်မည်ဖြစ်ကာ ထိုသို့မလုပ်လျှင် သေမင်းသည် လည်ပင်းသွေးပြန်ကြောထက်ပင် ပိုနီးသည့်နေရာတွင် ရှိသည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါ အီရန်စစ်ဗိုလ်ချုပ်သည် ခါမီနီ ဩဇာမခံကြောင်း သက်သေခံပြီး လက်ရှိ အီရန်အတွင်းမှာပင် ရှိနေဆဲဖြစ်သည်ဟု The Washington Post က ဖော်ပြသွားခဲ့သည်။
ကိုကလင်း
Ref: The Washington Post
#MeKongNews
#အီရန်ဗိုလ်ချုပ်
#အစ္စရေး
#မော့ဆက်
#စစ်ထောက်လှမ်းရေး








