မဲခေါင်၊ ဇွန် ၂၅
အီရန်ကို နျူကလီးယားထိပ်ဖူးများ ပေးသွားဖွယ်ရှိသည်ဟု ထင်ရနိုင်သည့်စကားမျိုး ရုရှားသမ္မတဟောင်း မက်ဗီဒက်ဗ်က လူမှုကွန်ရက်တွင် ရေးတင်ပြီးနောက် ဒေါ်နယ်ထရမ့်က ကမ္ဘာတွင် သေကြေမှု အဆိုးဆုံးဖြစ်စေရန် တီထွင်ထားသည့် လက်နက်များဖြင့် တွေ့သွားမည်ဟု ပြန်လည်ပြောဆိုရာ မက်ဗီဒက်ဗ်ဘက်မှ ရုရှားမှပေးမည်ဟု ဆိုလိုခြင်းမဟုတ်ဟု ပြန်လည် ရှင်းလင်းထုတ်ပြန်ခဲ့သည်။
အီရန်၏ နျူကလီးယားဆိုက် ၃ ခုကို အမေရိကန်မှ ပေါင် ၃၀၀၀၀ ဗုံးလက်နက်များဖြင့် ကြဲချတိုက်ခိုက်ခဲ့မှုအား မက်ဗီဒက်ဗ်က ပြင်းထန်စွာဝေဖန်ပြီးနောက် အီရန်ကို နျူကလီးယားထိပ်ဖူးများပေးမည့် နိုင်ငံများရှိလာလိမ့်မည်ဟု လူမှုကွန်ရက်တွင် ရေးသားခဲ့ရာ ဒေါ်နယ်ထရမ့်က ရုရှားမှ အီရန်ကို တကယ် နျူကလီးယားထိပ်ဖူးပေးမည်မှာ အမှန်ဟုတ်မဟုတ် ချက်ချင်းအတည်ပြုရန်နှင့် ထိုသို့ဆိုလျှင် မိမိဘက်မှလည်း တီထွင်ထားသော ကမ္ဘာပေါ်တွင် လူအသေကြေနိုင်ဆုံး လက်နက်များဖြင့် တုံ့ပြန်သွားမည်ဟု ပြန်လည် ခြိမ်းခြောက်ခဲ့သည်။
ထရမ့်က ၎င်းကိုယ်ပိုင် Truth Social platform တွင် ရုရှားသမ္မတဟောင်း မက်ဗီဒက်ဗ်ထံမှ အီရန်ကို နျူကလီးယားထိပ်ဖူးများပေးမည်ဟုဆိုကြောင်း၊ ဆိုလိုသည့်သဘောမှာ သူနှင့် အခြားနိုင်ငံများမှ ပေးမည်ဟု ဆိုလိုဟန်ရှိကြောင်း၊ N Word ဆိုသည့် နျူကလီးယား စကားလုံးပါဝင်နေသည့်အတွက် ကျေးဇူးပြုပြီး ထိုအကြောင်း အတည်ပြုမှုကို ချက်ချင်းလုပ်ဆောင်ပေးပါရန် တောင်းဆိုကြောင်း၊ N Word ပါ သည့်စကားလုံးမှာ ပေါ့ပေါ့တန်တန် စကားလုံးမဟုတ်ကြောင်း၊ အီရန်ကို ရေငုပ်သင်္ဘောမှ ပစ်မှတ်အားလုံးကို အတိအကျထိမှန်စေရန် ပစ်ခတ်ခဲ့သည့် Tomahawks ဒုံးကျည် အလုံး ၃၀ သည် မည်သည့်နိုင်ငံ၏ လက်နက်ဖြင့်မဆို နှစ် ၂၀ ခေတ်ရှေ့ပြေးတီထွင်ထားကာ ကမ္ဘာတွင် အသေကြေနိုင်ဆုံးဖြစ်စေသည့် လက်နက်ဖြစ်ကြောင်း ပြန်လည်ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ထိုအခြေအနေရောက်မှ မက်ဗီဒက်ဗ်က ရုရှားသည် နျူကလီးယားမပြန့်ပွားရေးစာချုပ် ချုပ်ဆိုထားသောနိုင်ငံဖြစ်သည့်အတွက် အီရန်ကို နျူကလီးယားလက်နက်ပေးရန် အစီအစဉ်မရှိသလို ၎င်းတို့ နျူကလီးယားအင်အားစုသည် သမ္မတ (ပူတင်) အမိန့်တွင်သာတည်ကြောင်း၊ အခြားနိုင်ငံများဆီမှ အီရန်သို့ နျူကလီးယားထိပ်ဖူးများပေးသွားမည်ကို ရည်ရွယ်ပြောဆိုခြင်းသာဖြစ်ကြောင်း၊ အမေရိကန်နှင့် ရုရှား မည်သူ့တွင် နျူကလီးယားလက်နက်ပိုရှိသည်ဆိုခြင်းမှာလည်း လုံး၀ မပြောသင့်သည့်စကားဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ပြောဆိုသွားသည်။
ကိုကလင်း
Ref: joe
#MeKongNews
#ရုရှား
#နျူကလီးယား
#အီရန်
#ဒေါ်နယ်ထရမ့်








