မဲခေါင်၊ ဇွန် ၂၄
အီရန် အိမ်ရှေ့စံမင်းသား ရီဇာပါလာဗီက အယာတိုလာခါမီနီနှင့် ထိပ်တန်း အီရန်စစ်ဘက်ခေါင်းဆောင်များသည် အီရန်မှထွက်ပြေးရန် စီစဉ်နေပြီး အမေရိကန်နှင့် အနောက်အင်အားစုများအနေဖြင့် ခါမီနီအား သက်တမ်းစေ့ နေစေပြီး ချက်ချင်း မသုတ်သင်နိုင်လျှင် သွေးချောင်းစီးမည်ဟု သတိပေး ပြောဆိုသွားခဲ့သည်။
ခါမီနီသည် အစ္စရေးနှင့် စစ်ပွဲစတင်ဖြစ်ပွားစဉ်ကတည်းက အီရန်နိုင်ငံတွင်းရှိ မြေအောက်ဥမင် ဘန်ကာတစ်ခုတွင် ပုန်းနေသော်လည်း နေ့စဉ် အစ္စရေးအား ပစ်ခတ်တိုက်ခိုက်ရန် အမိန့်ပေးနေဆဲဖြစ်ကာ အမေရိကန်မှ သန်းခေါင်ယံတူ စစ်ဆင်ရေးအဖြစ် ပေါင် ၃၀၀၀၀ ဗုံးများဖြင့် ကြဲချပြီး နျူကလီးယား အဆောက်အအုံ ၃ နေရာကို တိုက်ခိုက်ဖျက်ဆီးပြီးနောက်တွင်လည်း လက်စားချေမည်ဟု တုံ့ပြန်ပြောဆိုခဲ့သည်။
ဇွန် ၂၃ ရက်က ပဲရစ်မြို့သို့ ရောက်ရှိနေစဉ် အသက် ၆၄ နှစ်ရှိပြီဖြစ်သော ရီဇာပါလာဗီက အာဏာပြန်လိုချင်မှု မရှိတော့သော်လည်း အီရန်နိုင်ငံ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြင့် ရွှေပြည်တော်ဖြစ်လာစေရန်မှာ သွေးဆာနေသော အကြမ်းဖက်ခါမီနီ ဆက်ရှိနေသမျှ မဖြစ်နိုင်ကြောင်း၊ အရှက်ရမှုအတွက် လက်စားချေမည့် ခါမီနီရှိနေသေးလျှင် ကမ္ဘာကြီးပေါ်ရှိ မည်သည့်နေရာမှ လူတိုင်း ဘေးကင်းနိုင်မည်မဟုတ်ကြောင်း၊ လက်ရှိ နာရီပိုင်းများသည် လမ်းဆုံထိပ်တွင် အီရန်နိုင်ငံ ရပ်နေပြီး တစ်လမ်းမှာ သာယာပြီး ခါမီနီကို သက်တမ်းစေ့ ရှင်သန်ခွင့်ပေးမည်ဆိုလျှင် ထိုလမ်းက သွေးချောင်းစီးလမ်းဖြစ်သောကြောင့် ၎င်းအား အနောက်အင်အားစုများမှ ရှင်သန်ခွင့် မပေးမှဖြစ်မည်ဟု ပြတ်သားစွာ ပြောဆိုသွားခဲ့သည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကလည်း အီရန်ကို ဝင်တိုက်ခိုက်ဖျက်ဆီးပြီးနောက် လက်ရှိ အီရန် အာဏာရှင်အစိုးရသည် အီရန်နိုင်ငံအား ပြောသလို MAKE IRAN GREAT AGAIN (MIGA!) ဖြစ်စေရန် မစွမ်းဆောင်နိုင်ပါဘဲ မည်သည့်အတွက်ကြောင့် အစိုးရ အပြောင်းအလဲကို လက်မခံရသနည်းဟု လှောင်ပြောင်ပြောဆိုခဲ့သည်။
ရီဇာပါလာဗီသည် ၁၉၇၉ ခုနှစ်က အစ္စလာမ္မစ်တော်လှန်ရေး အီရန်၌ အနိုင်ရသွားပြီးနောက် ဖခင်ထံမှ အာဏာကို ခါမီနီက လုယူသွားသဖြင့် နိုင်ငံတွင်းမှ ထွက်ပြေးကာ အမေရိကန်တွင် ဇနီး၊ သမီး ၃ ဦးနှင့် နေထိုင်နေသူဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီရန်
#ခါမီနီ
#ရီဇာပါလာဗီ
#အိမ်ရှေ့စံ








