မဲခေါင်၊ ဇွန် ၂၄
နယ်စပ် မြေပိုင်နက် အငြင်းပွားမှုကြောင့် နှစ်နိုင်ငံအကြား တင်းမာမှုမြင့်တက်နေချိန် ထိုင်းဘက်မှ မည်သည့် ယာဉ်၊ ပြည်ပခရီးသွားနှင့် ကုန်သည်များကိုမဆို နယ်စပ်ကုန်းမြေဆက်သွယ်ဂိတ်များအားလုံးမှ ကမ္ဘောဒီးယားထဲသို့ ဝင်ထွက်ခွင့် ပိတ်ပင်ကြောင်း ဇွန် ၂၃ ရက်နှောင်းပိုင်း၌ ထုတ်ပြန်သွားခဲ့သည်။
ထုတ်ပြန်ချက်တွင် ဆေးကုသရန်လိုအပ်ခြင်း၊ ကျောင်းသားများနှင့် အခြားသော အရေးပေါ် အကြောင်းပြချက်ရှိသည့်သူများကိုသာ နယ်စပ်ဖြတ်ကျော်ပေးသွားမည်ဖြစ်ကာ လုံခြုံရေးကြောင့် တခြားမည်သူ့ကိုမျှ ဝင်ထွက်ခွင့်မပေးတာ့ဟု ဖော်ပြပါရှိသည်။
ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ကိုယ်တိုင်ကလည်း အငြင်းပွားနယ်စပ်မြေပိုင်နက် အရှုပ်အထွေးရှိနေသည့် နေရာများတွင် လုံခြုံရေး အရေးကြီးသလို ကမ္ဘောဒီးယားရှိ ကြီးမားသည့် ကာစီနိုရုံများသို့ ထိုင်းဘက်မှ ကူးသွားကာ ကစားခြင်း၊ အလုပ်လုပ်ခြင်းများအားလည်း ပိတ်ပင်နိုင်ရေး ယခုလို ကမ္ဘောဒီးယားနှင့် ထိစပ် နယ်စပ်ခရိုင်ဂိတ် ၈ ခု စလုံးကို ပိတ်ပင်ရခြင်းဖြစ်ကြောင်း၊ မြန်မာဘက်မှ ကျားဖြန်လုပ်ငန်းများကို နှိမ်နင်းစဉ် လုပ်ဆောင်ခဲ့သည့် လျှပ်စစ်မီး၊ လောင်စာဆီ၊ အင်တာနက် ဖြတ်တောက်မှုများကဲ့သို့ ကမ္ဘောဒီးယားကျားဖြန်များကိုလည်း ပိတ်ပင်သင့် ပိတ်ပင်ရတော့မည်ဟု ဂိတ်များမပိတ်မီ အချိန်ပိုင်း အတွင်း ထုတ်ပြန်ပြောဆိုခဲ့သေးသည်။
လက်ရှိတွင် ထိုင်းနှင့်ကမ္ဘောဒီးယား ပဋိပက္ခသည် တင်းမာသထက်တင်းမာလာနေပြီး ကမ္ဘောဒီးယားဘက်မှ ဦးစွာ ထိုင်းမှတင်သွင်းသည့် ဓာတ်ဆီ၊ ဒီဇယ်နှင့် ဂတ်စ်များ တင်ပို့မှုကို ပိတ်ပင်ခဲ့သည်။
လက်ရှိတွင် နှစ်မိသားစုချင်း လွန်စွာရင်းနှီးနေမှု၌ ပေထောင်တန်သည် ပြီးခဲ့သည့်ရက်ပိုင်းက ကမ္ဘောဒီးယားခေါင်းဆောင် ဟွမ်ဆန်နှင့် ဖုန်းဆက်ဆွေးနွေးရာတွင် ပျော့ပြောင်းလွန်းသော စကားများ ပြောဆိုခဲ့ကာ ထိုစကားများကို ဟွမ်ဆန်ဘက်မှ လူမှုကွန်ရက်ပေါ် တင်ပြီး ထုတ်ပြန်လိုက်သည့်အတွက် ထိုင်းအတွက် အရှက်ရစရာ ဖြစ်ခဲ့သည်။
ထို့ကြောင့် ထိုင်းအမျိုးသားရေးဝါဒီများသည် ယခုတစ်ပတ်အတွင်း ပေထောင်တန် ရာထူးမှ နုတ်ထွက်ရန် လမ်းပေါ် စုရုံးဆန္ဒပြရန် စီစဉ်နေကြသည်။
ကိုကလင်း
Ref: Asahi
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီယား
#နယ်စပ်ဂိတ်
#ကျားဖြန့်
#ကာစီနို








