မဲခေါင်၊ ဇွန် ၂၄
ရှမ်းပြည်တောင်ပိုင်းနှင့် ကရင်နီနယ်စပ် ထီးစဲခါး – လွိုင်လင်လေးလမ်းမ အနောက်ဘက်ရှိ ဝမ်ကုန်းရွာကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်အဖွဲ့တို့ ဝင်ရောက်ပြီး ရွာသားများကို ဖမ်းဆီးကာ ယင်းထဲမှ ရွာသား ၅ ဦးကို ပြန်မလွှတ်ဘဲ ကျပ်သိန်း ၁၀၀ ဖြင့် ရွေးခိုင်းနေကြောင်း သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၉ရက်က ဝမ်ကုန်းရွာသား ၂၅ ဦးကို စစ်ကောင်စီတပ်နှင့် PNO ပြည်သူ့စစ်က ဖမ်းဆီးသွားခြင်းဖြစ်ပြီး ယမန်နေ့ ဇွန်၂၀ ရက်တွင် ရွာသား၂၀ကို ပြန်လွှတ်ပေးကာ ကျန်ရှိသူ ရွာသား၅ ဦးကို တစ်ဦးလျှင် ကျပ် သိန်း၂၀ စီ နှင့် ၅ ဦးအတွက် သိန်း၁၀၀ ဖြင့် ရွေးခိုင်းပြီးမှ ပြန်လွတ်လာကြောင်း ရွာနားနီးစပ်မှ စစ်ဘေးရှောင်တစ်ဦးက မဲခေါင်ကို ဇွန်၂၃ ရက်တွင် ပြောသည်။
“သိန်း ၂၀ မပြောနဲ့ ၂ သိန်းတောင်အနိုင်နိုင်ရယ်။ မပေးရင် သူတို့ထဲဝင်ရမယ်တဲ့” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။
ဇွန်လ ၂၂ရက် ဖယ်ခုံအရှေ့ဖက်ကမ်း တောင်ပို့ကွဲရွာရှိ ပြည်သူများကိုလည်း PNO ပြည်သူ့စစ်များမှ အောင်ချမ်းသာရွာသို့ အစည်းဝေးခေါ်ယူပြီး ရွာလုံခြုံရေးအကြောင်းပြကာ စစ်မူထမ်းခိုင်းနေကြောင်း၊ စစ်မူမထမ်းနိုင်ပါက ရွာပြန်နေခွင့်မပေး ဟု ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။
“လူမပြန်လာတဲ့အိမ်တွေကိုလည်း ယူချင်တာယူပြီး မီးရှို့တာကိုတောင် live လွှင့်ပြီး ပြသေးတာ။ ရွာတွေကို မီးရှိူ့တာ PNO တွေပဲ” ဟု ဒေသခံတစ်ဦးက ပြောသည်။
ဖယ်ခုံအင်း တောင်ဘက်ခြမ်းရှိ နန်းတုတ်၊ လွယ်ပေါရွာများမှ စစ်ရှောင်၁၀၀၀ ခန့်ကိုလည်း ဆိုင်ကယ်၊ ကားများ ပေးမစီးဘဲ ကျောက်တစ်လုံး၊ မှော်ဘီလမ်းမှ ပြန်ခိုင်းနေသည့်အတွက် စစ်ရှောင်သက်ကြီးရွယ်အိုများ၊ နာမကျန်းသူများ၊ ကလေး သူငယ်ကိုယ်ဝန်ဆောင်များ ဒုက္ခဆင်းရဲကြုံတွေ့နေရကြောင်းသိရသည်။
မဟာ
#MeKongNews
#PNO
#ဝမ်ကုန်းရွာ
#လွိုင်လင်လေး
#ပြန်ပေးဆွဲ
ပုံစာ – ကျေးရွာမီးရှို့နေသည်ကို PNO အဖွဲ့များ Live လွှင့်နေစဉ်








