မဲခေါင်၊ ဇွန် ၂၄
ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသရှိ ဓနုပြည်သူ့ လွတ်မြောက်ရေးတပ်တော် DPLF /DPLA ၏ အပတ်စဉ် ၆ စစ်သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာတွင် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့၌ ကျင်းပပြုလုပ်ခဲ့သည်ဟု ဓနုပြည်သူ့လွတ် မြောက်ရေးတပ်ဦး DPLF ၏ ပြန်ကြားရေး ဌာနက ယနေ့ ဇွန် ၂၄ ရက်နေ့တွင် ထုတ်ပြန်သည်။
သင်တန်း၏ ရည်ရွယ်ချက်မှာ ဓနုဒေသအတွင်းရှိ ပြည်သူလူထုအား ကာကွယ်နိုင်ရန်၊ ရန်သူကို အမြဲသတိထားတတ်စေရန်နှင့် တိုက်ခိုက်ရေး ကျွမ်းကျင်မှုရှိစေရန်တို့ကို အဓိကဖြစ်ပြီး အချိန်ကာလ ၃ လကျော်ကြာ စစ်သင်တန်းပေးခဲ့သည်ဟု DPLA က ဆိုသည်။
ယင်းစစ်သင်တန်းဆင်းပွဲအခမ်းအနားတွင် ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLF/DPLA ၏ ဥက္ကဌ ဦးထွန်းထွန်းနိုင်မှ ဓနုဒေသအတွင်းရှိ ပြည်သူလူထုကို သစ္စာရှိရှိနှင့် ကာကွယ်သွားကြရန်၊ အမိန့်နာခံတတ်စေရန်နှင့် မည်သည့်အခြေနေတွင်ဖြစ်စေ စိတ်ဓာတ်မကျပဲ စစ်အာဏာရှင်ကို တိုက်ထုတ်သွားကြရန် မှာကြားခဲ့သည်။
DPLA သည် ဓနုဒေသအပြင် TNLA နှင့် ပူးတွဲကာ နောင်ချို နှင့် ကျောက်ဂူဒေသတို့တွင် စစ်ကောင်စီတပ်ကို အပြင်းအထန်ခုခံတော်လှန်နေသည့် တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်။
မဟာ
#MeKongNews
#DPLA
#ဓနုဒေသ
#စစ်သင်တန်းဆင်းပွဲ
#ဦးထွန်းထွန်းနိုင်








