မဲခေါင်၊ ဇွန် ၂၁
ထိုင်းတွင် ယခင် စစ်အာဏာသိမ်းမှု၌ ဒုဝန်ကြီးချုပ်ရာထူးယူခဲ့သော ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဝစ်က ၎င်း၏ပါတီ အရေးပေါ်အစည်းအဝေးအား ဇွန် ၂၀ ရက်တွင် ခေါ်ယူပြီး ထိုင်းဝန်ကြီးချုပ်ရာထူးမှ ပေထောင်တန်နှုတ်ထွက်ရန်နှင့် ပေထောင်တန်၏ ဖွေထိုင်းပါတီနှင့် မဟာမိတ်လုပ်မည်မဟုတ်ကြောင်း ထုတ်ပြန်တောင်းဆို သွားခဲ့သည်။
ပေထောင်တန်နှင့် ကမ္ဘောဒီးယားခေါင်းဆောင် ဟွမ်ဆန်တို့ နှစ်နိုင်ငံ အငြင်းပွားနယ်စပ်ပိုင်နက်အရေး သီးသန့် ဖုန်းဆက်ဆွေးနွေးခဲ့မှု အသံဖိုင်အား ဟွမ်ဆန်ဘက်မှ လူသိရှင်ကြားထုတ်ပြန်ခဲ့ရာ ထိုင်းအမျိုးသားရေးဝါဒီများ ခံရခက်စေမည့် ဟွမ်ဆန်၏ ဩဇာအာဏာ ပိုမိုသက်ရောက်ပုံများ ပါရှိခဲ့သည်။
ထို့ကြောင့် လက်ရှိကာလမှာ ထိုင်းနိုင်ငံရေး အလှုပ်ခတ်ဆုံးအချိန်ရောက်လာပြီး စစ်တပ်မှ အာဏာသိမ်းနိုင်ဖွယ်ရှိသည်ဟု သတင်းများပျံ့နှံ့နေသည်။
အသက် ၇၉ နှစ်ရှိပြီဖြစ်ကာ စစ်တပ်မှ အနားယူသွားသော်လည်း ပါတီနိုင်ငံရေးလုပ်နေသေးသည့် ပရာဝစ်အနေဖြင့် ပေထောင်တန် နုတ်ထွက်လျှင် ဝန်ကြီးချုပ်ရာထူးဝင်ရောက်ရွေးချယ်နိုင်မည်လားဟု သံသယများရှိနေရာ ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ ပရာဝစ်သည် ဝန်ကြီးချုပ်ရာထူး ဝင်ရောက်ရွေးချယ်ခံခွင့် မရှိကြောင်း သိရသည်။
ထိုင်းရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၅၉၊ အပိုဒ်ခွဲ ၁ အရ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက ဝန်ကြီးချုပ် ဖြစ်ချင်သူသည် ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှ ကြိုတင်တင်ပြထားရမည်ဖြစ်ကြောင်း၊ ပရာဝစ်ကို ဝန်ကြီးချုပ်လျှောက်ထားလိုသည့်စာရင်းတွင် တင်ပြခဲ့သော်လည်း အဆိုပါတင်မြှောက်သူ၏ မိခင်ပါတီမှာ လွှတ်တော်အမတ်နေရာအားလုံး၏ ၅ ရာခိုင်နှုန်း အနိုင်ရထားမှသာ လျှောက်ထားခွင့်ရှိသည်ဟု ပါရှိသည်။
ထိုင်းလွှတ်တော်တွင် အမတ် ၅၀၀ ရှိသည့်အနက် တစ်ဦးနှုတ်ထွက်သွားခြင်းကြောင့် ၄၉၅ ဦး တွင် လိုအပ်သည့် မဲနိုင်အမတ်အရေအတွက် ၅ ရာခိုင်နှုန်းသည် ၂၄.၇၅ နေရာဖြစ်ရာ ပရာဝစ်၏ ပါတီမှ မဲအနိုင်ရသည့် ကိုယ်စားလှယ်မှာ ၂၀ ကျော်ပင်မရှိသည့်အတွက် ဥပဒေအရ ဝန်ကြီးချုပ် အဖြစ် ရွေးချယ်ခံခွင့် မရှိနိုင်ခြင်း ဖြစ်သည်။
ယင်းကြေညာချက်ထုတ်ပြန်ချိန်တွင် ပေထောင်တန်သည် ကမ္ဘောဒီးယားနှင့် အငြင်းပွားနယ်မြေပြဿနာရှိနေသော နယ်စပ်ဒေသသို့ ရောက်ရှိကာ တာဝန်ကျ စစ်သည်များအား အားပေးစကားပြောကြားပြီး နိုင်ငံ အချုပ်အခြအာဏာအတွက် ကာကွယ်မည့် စစ်သည်များကို လိုအပ်သည်များထောက်ပံ့မည်ဖြစ်ကြောင်း၊ ပြည်သူများ လက်ရှိအချိန် စည်းလုံးကြရန် ပြောကြားခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ထိုင်းနိုင်ငံ
#ဝန်ကြီးချုပ်
#ထိုင်းစစ်တပ်
#ကမ္ဘောဒီယား
#ပရာဝစ်








