မဲခေါင်၊ ဇွန် ၁၈
ကျိန်စာသင့် အီဂျစ်ဖာရိုးဘုရင် တူတန်ခမန်၏ ကျိန်စာသင့်နေသော ခေါင်းတလားကြီးအပါအဝင် ရှေးဟောင်းပစ္စည်းပေါင်း တစ်သိန်းကျော် တည်ရှိရာ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့ရှိ ကမ္ဘာ့အကြီးဆုံး ရှေးဟောင်းပြတိုက်ကြီး Grand Egyptian Museum ဖွင့်လှစ်ရန်မှာ နှစ်ပေါင်းကြာမြင့်ခဲ့ပြီး ယခု ဖွင့်လှစ်ရန် စီစဉ်ထားပြီးဖြစ်ကာမှ အစ္စရေးနှင့် အီရန် စစ်ပွဲဖြစ်ပွားခြင်းကြောင့် မဖွင့်လှစ်နိုင်သေးဟု သိရသည်။
စတုရန်းပေ ၅သိန်း ကျယ်ဝန်းကာ တည်ဆောက်မှုကုန်ကျစားရိတ် ဒေါ်လာ ၁ ဒသမ ၃ ဘီလီယံ အသုံးပြုခဲ့ရသော ယင်းပြတိုက်ကြီးမှာ ၂၀၀၅ ခုနှစ်ကတည်းက စတင်ဆောက်လုပ်ခဲ့သော်လည်း ၂၀၁၁ အာရပ်နွေဦးတော်လှန်ရေးကြောင့် လုပ်ငန်းခွင်များ ရပ်ဆိုင်းခဲ့ရပြီး ၂၀၁၄ တွင် တည်ဆောက်ရေး လုပ်ငန်းများ ပြန်စခဲ့သည်။
ကမ္ဘာ့လှည့်ခရီးသွားများစွာကြောင့် အီဂျစ်နိုင်ငံ စီးပွားရေးကို များစွာတိုးတက်လာစေရန် မျှော်မှန်းထားသော ယင်းပြတိုက်ကြီးအား ဖွင့်ပွဲအခမ်းအနားကြီး ခမ်းနားစွာ ကျင်းပရန် အသင့်ဖြစ်နေကာမှ ယခု အစ္စရေးနှင့် အီရန် စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းဒေသနှင့် အာရပ်ကမ္ဘာတွင်ပါ တည်ငြိမ်မှုပျက်ပြားလာသဖြင့် အခြေအနေအချိန်အခါအရသာ ဖွင့်ပွဲရက်ကို ပြန်လည် အတည်ပြုနိုင်တော့မည်ဟု ပြတိုက်နှင့် အီဂျစ်အစိုးရ ရှေးဟောင်းသုတေသနဌာနမှ ထုတ်ပြန်သွားခဲ့သည်။
ယင်းပြတိုက်ကြီးမှ တစ်မိုင်အကွာတွင် အီဂျစ်နိုင်ငံ၏ ပြယုဂ် ပိရမစ်များကို မြင်တွေရကာ ပြတိုက် ထဲတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၃၂၀၀ ကတည်တောက်ခဲ့သော ၈၃ တန်လေးသည့် Ramses II ရုပ်တု ကြီးလည်း ရှိသလို အီဂျစ်ဖာရိုးဘုရင်များသမိုင်းတွင် ဩဇာထက်မြက်ခဲ့သည့် ဘုရင်မ Hetepheres ၏ ရတနာများလည်း ရှိနေသည်။
အထူးခြားဆုံးမှာ ဖာရိုးဘုရင် တူတန်ခမန် ခေါင်းတလားဖြစ်ကာ ယင်းခေါင်းတလားနှင့်ပတ်သက်ကာ ရုပ်ကြွင်းများကို ရှာဖွေသူများသည် ထူးဆန်းသော ဖြစ်စဉ်များနှင့် သေဆုံးခဲ့သဖြင့် ခေါင်းတလားကို တူတန်ခမန်ကျိန်စာသင့်ခေါင်းတလားဟု ထိတ်လန့်တကြား ခေါ်ဆိုကြခြင်းဖြစ်သည်။
ခေါင်းတလားထဲတွင် တူတန်ခမန် ရုပ်ကြွင်းရှိနေပြီး ခေါင်းတလားကို ရှာဖွေ တွေ့ရှိခဲ့သူမှာ အင်္ဂလန်သား ရှေးဟောင်းသုတေသနပညာရှင် ဟိုးဝပ်ကာတာဖြစ်ကာ ၇ နှစ်ကြာ ရှာဖွေ ခဲ့ရပြီးမှ ၁၉၂၂ ခုနှစ်တွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။
ခေါင်းတလားနှင့် ဆက်စပ် ရှေးဟောင်း ရုပ်ကြွင်းနှင့် ပစ္စည်းများကို ထပ်မံရှာဖွေသူများထဲမှ ဘဏ္ဍာရေးစိုက်ထုတ်သူ လော့ဒ်ကန်နာဗွန်သည် ခြင်ကိုက်ရာမှ ထူးခြားသည့်ရောဂါကူးစက်ကာ သေဆုံးခဲ့ရသည်။
ဖာရိုးရုပ်အလောင်း အကြွင်းအကျန်များကို X Ray ရိုက်ကူးသူ ဆာ အာချီဘဲလ်ဒေါက်ဂလက်ရိဒ်သည်လည်း ထူးဆန်းသော ဖျားနာဝေဒနာ ဖြင့်ကွယ်လွန်ခဲ့ပြန်သည်။ ခေါင်းတလား ရှာဖွေတွေ့ရှိသူ ဟိုးဝပ်ကာတာကိုယ်တိုင်လည်း ၁၉၃၉ ခုနှစ် က အသက် ၆၄ နှစ်အရွယ်တွင် Hodgkin ရောဂါကြောင့် ကွယ်လွန်ခဲ့သဖြင့် ကျိန်စာသင့် တူတန်ခမန် ခေါင်းတလားအဖြစ် နာမည်ကြီးခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: Thesun
#MeKongNews
#အီဂျစ်
#တူတန်ခမန်
#ရှေးဟောင်းပြတိုက်
#အီဂျစ်ဖာရိုးဘုရင်








