မဲခေါင်၊ ဇွန် ၁၇
တရုတ်နိုင်ငံသား အနည်းဆုံး ၈ဦးပါဝင်ပြီး ကျားဖြန့်လုပ်ငန်း လုပ်ကိုင်နေသည့် မူဆယ်မြို့ရှိ 68 Hotel နှင့် KTV ကို ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့စစ်များ ဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။
ယမန်နေ့ ဇွန်လ ၁၆ ရက်က လက်ရှိမူဆယ်ကို ထိန်းချူပ်ထားသည့် ရှမ်းအရှေ့ မိုင်းဆတ်အခြေစိုက် စကခ၁၄ က မြို့ရှောင်လမ်း၊ ကောင်းမူးတုံရပ်ကွက်ရှိ 68Hotel နှင့် KTV ကိုဝင်ရောက်၍ ကျားဖြန့်လုပ်ကိုင်သူ တရုတ်နိုင်ငံသား အနည်းဆုံး၈ဦးအပါအဝင် မြန်မာနိုင်ငံသားအချို့ကို ဝင်ရောက် စီးနင်းဖမ်းဆီးလိုက်ကြောင်း သိရသည်။
“တရုတ်၈ဦးနဲ့ မန္တလေးနဲ့ ရှမ်းကပဲ အသက်၂၀ လောက်လူငယ်တွေ ပါသွားတာ။ အဲဒီဟိုတယ်နဲ့ KTV က ဟန်ပြပါ။ လုပ်နေတာက ကျားဖြန့်ပါ၊ လာတည်းတဲ့သူမရှိပါဘူး”ဟု ယင်း ကျားဖျန့်အလုပ်ရုံအနီးနေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။
၎င်း၏ပြောဆိုချက်အရ အလုပ်ရုံ ပိုင်ရှင်သည် တရုတ်လူမျိုးဖြစ်ပြီး အလုပ်သမားများကို နှိပ်စက် ညှင်းပမ်းရာတွင် နာမည်ကြီးကြောင်း၊ အလုပ်သမား အများစုဟာ တရုတ်နိုင်ငံသား အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသား တရုတ်လူမျိုးများလည်း ပါဝင်ကြောင်း၊ အလုပ်သမား အများစုကို မူးယစ်ဆေး တစ်မျိုးမျိုး အသုံးပြုပြီး ထိမ်းချုပ်ထားခြင်း ဖြစ်နိုင်ကြောင်း သိရသည်။
လုပ်ငန်းသုံးပစ္စည်းများ၊ ကားများကိုပါ သိမ်းဆည်းခံရပြီး တရုတ်နိုင်ငံသားများကို တရုတ်ဘက်လွှဲအပ်မည်ဖြစ်ကြောင်း ဒေသခံထံမှ သိရသည်။
မူဆယ်တွင် ကျားဖြန့်လုပ်ငန်းများ အရှိန်အဟုန်ဖြင့် လည်ပတ်နေဆဲဖြစ်ပြီး စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်များက လုံခြုံရေးယူပေးထားကြောင်း ဒေသခံများက မကြာခဏပြောဆိုနေသော်လည်း စစ်ကောင်စီက ဖမ်းဆီးခြင်းမရှိဘဲ ယခုတစ်ကြိမ်တွင်မူ ကျားဖြန့်လုပ်ငန်း၌ တရုတ်နိုင်ငံသား ၂ဦး သေဆုံးသွားကြောင်း သတင်းထွက်ပေါ်လာပြီးမှသာ ဝင်ရောက်ဖမ်းဆီးခြင်း ဖြစ်သည်။
ရှမ်းပြည်မြောက်ပိုင်းတွင် ကျားဖြန့်များမရှိတော့ကြောင်း တရုတ်ဘက်က ပြောဆိုခဲ့ဘူးပြီး ယခု မူဆယ်တွင် ကျားဖြန့်များ ပြန်လည်ဖမ်းဆီးရမိခြင်းဖြစ်သည်။
မဟာ
#MeKongNews
#မူဆယ်မြို့
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#စကခ၁၄








