မဲခေါင်၊ ဇွန် ၁၄
ပါကစ္စတန်ကာကွယ်ရေးဝန်ကြီး ခါဝါဂျာအာဆစ်ဖ်က ဇွန် ၁၄ ရက်တွင် ကျင်းပသော အမျိုးသားညီလာခံ၌ အိမ်နီးချင်းအီရန်နိုင်ငံအပေါ် အစ္စရေးမှ အင်အားသုံးတိုက်ခိုက်ခဲ့မှုအား လုံး၀လက်မခံဘဲ မည်သည့်နည်းလမ်းနှင့်မဆို အီရန်ဘက်မှ ရပ်တည်ကာ မွတ်ဆလင်ကမ္ဘာတစ်ခုလုံး စည်းလုံးကြရန် တိုက်တွန်းပြောဆိုသွားခဲ့သည်။
အစ္စရေးများလက်တွင် မွတ်ဆလင်များ၏ သွေးများဖြင့် လိမ်းကြံထားကြောင်း၊ မွတ်ဆလင်ဘာသာဝင် မဟုတ်သည့် တခြားကမ္ဘာမှ လူသားများကပင် အစ္စရေး၏ ယခုအကြမ်းဖက်တိုက်ခိုက်မှုကို ကန့်ကွက် ရှုတ်ချနေကြပြီဖြစ်ကြောင်း၊ အစ္စလာမ့်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) အနေဖြင့် မွတ်ဆလင် ကမ္ဘာအတွက် အစည်းအဝေးခေါ်ယူသင့်ကာ အစ္စရေးနှင့်ရင်ဆိုင်မှု၌ မွတ်ဆလင်နိုင်ငံအားလုံး ပေါင်းစည်းနိုင်စေရန် လုပ်ဆောင်သင့်ကြောင်း ခါဝါဂျာအာဆစ်ဖ်က ပြောသည်။
အီရန်သည် အိမ်နီးချင်း ညီအစ်ကိုနိုင်ငံဖြစ်သောကြောင့် အီရန်အကျိုးစီးပွားနှင့် ပြည်သူများကို ကာကွယ်ရမည်ဖြစ်ကာ ယီမင်၊ ပါလက်စတိုင်းနှင့် အီရန်ကို ပစ်မှတ်ထားတိုက်ခိုက်နေသည့် အစ္စရေးကို တွန်းလှန်ရမည်ဟု ပြောသွားခဲ့သည်။
ကိုကလင်း
Ref: dunyanews.tv
#အီရန်
#အစ္စရေး
#မွတ်ဆလင်ကမ္ဘာ
#ပါကစ္စတန်








