မဲခေါင်၊ ဇွန် ၁၃
ကမ္ဘောဒီးယားအာဏာပိုင်များမှ ထိုင်းနိုင်ငံနှင့်တရားဝင် နယ်စပ်ကုန်သွယ်ဂိတ် ဘန်လေအမ်ကို ဇွန် ၁၃ ရက် သောကြာနေ့တွင် အကြောင်းမကြားဘဲ ရုတ်တရက် ပိတ်ချလိုက်သဖြင့် ကုန်ကားများ ထိုင်းဘက်ခြမ်း၌ စီတန်းပိတ်ဆို့နေကြောင်း ထိုင်းမီဒီယာများက ဖော်ပြနေကြသည်။
အငြင်းပွားနယ်မြေပိုင်ဆိုင်မှုပြဿနာကြောင့် နှစ်နိုင်ငံစစ်တပ်များ ပစ်ခတ်ရာမှ ကမ္ဘောဒီးယား စစ်သားတစ်ဦး သေဆုံးခဲ့ပြီးနောက် နယ်စပ်တစ်လျှောက် စစ်အင်အား အလုံးအရင်း ပြင်ဆင်ထားရှိနေကြပြီး ကမ္ဘောဒီးယားဘက်မှ နိုင်ငံတကာတရားရုံး ICJ ထံ မိမိတို့ပိုင်ဆိုင်သည့် နယ်မြေအဖြစ် သတ်မှတ်ပေးရန် တောင်းဆိုတိုင်ကြားမည်ဟု ဆိုသည်။
ထိုင်းဘက်မှ နယ်စပ်ရေးရာ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ ၂ ခုသာ ဆွေးနွေးခြင်းဖြင့် အဖြေရှာမည်ဖြစ်ကာ ICJ မှ မည်သို့ပင် စီရင်သတ်မှတ်သည်ဆိုပါစေ လက်မခံနိုင်ဟု ထုတ်ပြန်ထားပြီးနောက် နှစ်နိုင်ငံ တင်းမာမှုသည် လျော့ကျသွားခြင်း မရှိသေးပေ။
ထိုအခြေအနေတွင် ထိုင်းဘက်ခြမ်း ချန်သာဘူရီခရိုင်နှင့်ကပ်လျက် ကမ္ဘောဒီးယား ကုန်သွယ်ဂိတ် ဘန်လေအမ်ကို ရုတ်ချည်း ပိတ်ချလိုက်သဖြင့် နယ်စပ်ကုန်သွယ်ရေး များစွာ ထိခိုက်စေမည်ဖြစ်ကာ ကုန်စည်များ အချိန်မီပို့ဆောင်နိုင်ရေးမရှိဘဲ ဆုံးရှုံးမှုများစွာ ဖြစ်လာမည်ဟု ထိုင်း ကုန်သည်များဘက်မှ စိုးရိမ်တကြီး ပြောဆိုလာကြသည်။
ထိုင်းဘက်ကမူ ယခင် ပုံစံအတိုင်း နယ်စပ်ကုန်သွယ်ဂိတ်ကို ဖွင့်ထားဆဲဖြစ်ပြီး ထိုင်းရောက် ကမ္ဘောဒီးယား အလုပ်သမားများ နယ်စပ်မှ မိခင်နိုင်ငံသို့ ပြန်ဝင်နေမှု များစွာရှိလာသည်ကို တွေ့ရကြောင်းလည်း ထိုင်းမီဒီယာများက ဖော်ပြနေကြသည်။
ကိုကလင်း
Ref: The Nation Thailand
#MeKongNews
#ထိုင်းနိုင်ငံ
#ကမ္ဘောဒီယား
#နယ်စပ်ဂိတ်
#နယ်စပ်ကုန်သွယ်ရေး








