မဲခေါင်၊ ဇွန် ၈
ဇွန် ၅ ရက်ညပိုင်းတွင် ရုရှားဘက်မှ ဒရုန်း၄၀၇ စင်းနှင့် ဒုံးကျည်၄၄ လုံးဖြင့် ယူကရိန်းမြို့တော် ကိဗ်ကို တိုက်ခိုက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာပင် ယူကရိန်းဘက်မှ ရုရှားနိုင်ငံထဲသို့ ဒရုန်းနှင့် ဒုံးကျည်များ သုံးကာ ပြန်လည်တိုက်ခိုက်ရာ ထူးခြားဖြစ်စဉ်အဖြစ် ရုရှား၏ ဘရိုင်းယန့်ခ်စ် လေယာဉ်ကွင်းအတွင်း ကျရောက်ပေါက်ကွဲသော ဒုံးကျည်သည် ထူးဆန်းအံ့ဩဖွယ်ရာ လက်နက်ဆန်း၊ လက်နက်သစ်ဖြစ် သည်ဟု သိရသည်။
ယင်းပစ်ခတ်မှုတွင် ရုရှားရေနံစက်ရုံ ကရစ်စတော မီးလောင်ပေါက်ကွဲပျက်စီးခဲ့သလို ဘရိုင်းယန့်ခ်စ် လေဆိပ်အတွင်း ကျရောက်သည့် ဒုံးကျည်သည် ပူတင်အားထားရာ နျူကလီးယားတင်ဆောင် ပစ်ခတ် နိုင်စွမ်းရှိသည့် Iskander ဒုံးခွင်း စနစ်ကိုပါ ပျက်စီးသွားစေခဲ့သည်ဟု ရုရှား စစ်ဘက်ဆိုင်ရာ မီဒီယာများ က အတည်ပြုခဲ့သည်။
ဘရိုင်းယန့်ခ်စ်လေဆိပ်အတွင်း ဒုံးကျည် ၂ လုံး ကျရောက်ပေါက်ကွဲမှုတွင် မှိုပွင့်ပုံ တိမ်လိပ်များအသွင်ဖြင့် ကောင်းကင် အမြင့်ဆုံးအထိ မီးခိုးလုံးများ၊ မီးတောက်များ လောင်ကျွမ်းပေါက်ကွဲခဲ့ခြင်းဖြစ်ကာ စစ်ပွဲကာလတွင် ယူကရိန်းဘက်မှ ပထမဆုံး အသုံးပြုတိုက်ခိုက်သော ဒုံးကျည်အသစ်ဖြစ်ကြောင်း၊ ထိုဒုံးကျည်မှာ ဂျာမန်ထုတ် တာဝေးပစ် Taurus ဒုံးကျည်ဖြစ်မည်ဟု ရုရှား ဝါဒဖြန့် Tsargrad တယ်လီဂရမ်ချန်နယ်တွင် ရေးတင်ခဲ့သည်။
ပစ်ခတ်မှုသည် ဒေါ်နယ်ထရမ့်နှင့် ဂျာမန်အဓိပတိ ဖရိုင်းဒရစ်မာ့ဇ်တို့ ဘဲဥပုံရုံးခန်း၌ တွေ့ဆုံ ပြီး ၂၄ နာရီအတွင်း ပစ်ခတ်ခြင်းဖြစ်ရာ ရုရှားဘက်မှ ဂျာမနီသည် ယူကရိန်းအားပေးထားသည့် Taurus ဒုံးကျည်ကို ပေးပစ်ခဲ့ခြင်းဖြစ်မည်ဟု စွပ်စွဲကာ တတိယ ကမ္ဘာစစ်ဖြစ်လာမည့်အရေးမှာ ပိုမို နီးစပ်လာခဲ့သည်။
ဂျာမန် အစိုးရအတွင်းသတင်းရင်းမြစ်အရ ထရမ့်နှင့် မာ့ဇ်တို့ တွေ့ဆုံမှုတွင် ယူကရိန်းအား Taurus ဒုံးကျည်များပေးရန် သဘောတူသော်လည်း ယခုပစ်ခတ်မှုအတွက် ခွင့်ပြုခဲ့သည့် အဆင့် မဟုတ်ဟု ငြင်းဆိုခဲ့ကြောင်း သိရသည်။
Taurus ဒုံးကျည်သည် တစ်လုံးတန်ကြေး ပေါင် ၈၀၀၀၀၀ တန်ကာ တစ်နာရီ မိုင် ၆၀၀ အလျှင်ဖြင့် သွားနိုင်ပြီး ပစ်မှတ်ကို GPS မှ ကွက်တိ ပစ်ခတ်နိုင်စွမ်းရှိသလို လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ကျော်ဖြတ်နိုင်သည်ဟု သိရသည်။
မေလကုန်ပိုင်းကပင် မာ့ဇ်သည် ယူကရိန်းအား ဂျာမနီအပြင် ပြင်သစ်၊ ယူကေနှင့် အမေရိကန်တို့ ပေးထားသည့် မဟာဗျူဟာ တာဝေးပစ်ဒုံးကျည်များအား ရုရှားနိုင်ငံ အတွင်း ပိုင်းထဲအထိ အတားအဆီးမရှိ ပစ်ခတ်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း အတည်ပြုပြောဆိုခဲ့ရာ ရုရှားနှင့် အနောက်မဟာမိတ်အင်အားစုများအကြား ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး တင်းမာမှု အထူးမြင့်တက်လာခဲ့ပြီဖြစ်သည်။
ကိုကလင်း
Ref:Thesun
#MeKongNews
#Taurus
#ရုရှား
#ယူကရိန်း
#ဂျာမနီ
#လေကြောင်းရန်ကာကွယ်ရေးစနစ်








