မဲခေါင်၊ ဇွန် ၆
တရုတ်ပြည်အစိုးရ၏ တောင်းဆိုချက်အရ တရားမဝင်လုပ်ငန်းနှင့် ကျားဖြန့် လုပ်ကိုင်သူ တရုတ်နိုင်ငံသား ၆ဦးကို “ဝ” တပ်ဖွဲ့ – UWSA က ယမန်နေ့ ဇွန်လ ၅ရက်တွင် ဖမ်းဆီးလွှဲပြောင်းခဲ့ကြောင်း သိရသည်။
UWSA ထိန်းချုပ်ဒေသရှိ ဒေသခံများ၏ သတင်းပေးတိုင် ကြားချက်အရ “ဝ” ဒေသအတွင်း၌ အခြေပြုလှုပ်ရှားနေသည့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းရှင် တရုတ်နိုင်ငံသား ၆ ဦးကို UWSA ရဲတပ်ဖွဲ့မှ ဖမ်းဆီးပြီး “ဝ” ပြည်နယ် တရားစီရင်ရေး ကော်မတီက တရုတ်နိုင်ငံ ယူနန်အစိုးရထံ လွှဲပြောင်း ပို့ဆောင်လိုက်ခြင်းဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။
ယခုတစ်ကြိမ် ကျားဖြန့်တရားခံလွှဲပြောင်းပေးခြင်းမှာ တစ်လတာ ကာလအတွင်း ၄ကြိမ်မြောက်ဖြစ်ပြီး ယခင် မေလ ၉ ရက်နေ့တွင် တစ်ဦး၊ မေလ ၁၃ ရက်နေ့တွင် ၃ဦးနှင့် ဧပြီ ၂၃ ရက်နေ့တွင် တစ်ဦး စုစုပေါင်း ၁၁ဦး ဖမ်းဆီးလွှဲပြောင်းခဲ့ပြီးဖြစ် ကြောင်းသိရသည်။
၎င်းတို့အားလုံးကို “ဝ” ပြည်နယ်၊ တရုတ်နယ်စပ်ဂိတ်ဖြစ်သည့် မန်ခါး Meng’ka ဆိပ်ကမ်းမှတဆင့် တရားဝင်လွှဲပြောင်းခဲ့ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် မေလ၁၄ရက်က WSP (Wa Special Police) က ထုတ်သည့် သတင်းစာစဥ်အရ ရာဇဝတ်မှု ကျူးလွန်ကြောင်းသံသယရှိသူနှင့်ပါဝင်သူ တရုတ်နိုင်ငံသားများကို ဖမ်းဆီးပေးရန်အတွက် အကူအညီတောင်းခံစာ လက်ခံရရှိပြီးနောက် “ဝ” ပြည်နယ် တရားရေး ကော်မတီက ယခုလို ဖမ်းဆီးလွှဲပြောင်းနေခြင်းဖြစ်သည်ဟု သိရသည်။
#MeKongNews
#ကျားဖြန့်
#တရုတ်နိုင်ငံသား
#UWSA
#တရုတ်နယ်စပ်








