မဲခေါင်၊ မေ ၃၁
အစ္စလာမ္မစ်ဘာသာရေးဥပဒေမူဘောင်တစ်ရပ်ကို တွန်းလှန်လိုက်သည့် ဖြစ်ရပ်အဖြစ် ပါကစ္စတန် သမ္မတ ဇာဒါရီသည် မေ ၃၀ ရက်တွင် နိုင်ငံအတွင်း ၁၈ နှစ်မပြည့်သေးသူများ လုံး၀ လက်ထပ်ခွင့်မရှိကြောင်း ဥပဒေတစ်ရပ်အဖြစ် အတည်ပြုထုတ်ပြန်လိုက်သည်။
ဘာသာရေးထုံးတမ်းအရ မင်္ဂလာမှုပြုပေးသော ခေါင်းဆောင်များကိုယ်တိုင် မင်္ဂလာဆောင်သူ ကောင်ကလေးနှင့်ကောင်မလေး တို့သည့် ၁၈ နှစ်မပြည့်ပါက မင်္ဂလာဆောင်ခွင့် မပြုရကြောင်း၊ ထိုသည်ကို မှတ်ပုံတင်ပေးပါက အဆိုပါ မင်္ဂလာဆောင်ပေးသူကို ထောင်ဒဏ် ၁ နှစ်နှင့် ပါကစ္စတန် ရူပီး ၁၀၀၀၀၀ ဒဏ်ရိုက်သွားမည်ဟုပါ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် ၁၈နှစ်ပြည့်ပြီးသူ မည်သည့် အမျိုးသားမဆို ၁၈ နှစ်အောက် မိန်းကလေးကို လက်ထပ်ပါက ထောင်ဒဏ် ၃ နှစ်ကျခံရမည်ဟုဆိုသည်။
ထို့အပြင် ကလေးသူငယ်များနှင့် အမျိုးသမီးများအရေးကာကွယ်ရေးအတွက် သက်ငယ်မင်္ဂလာဆောင် ပွဲကျင်းပရန် လျှို့ဝှက်စီစဉ်သည်ကို သိရှိရပါက တရားရုံးနှင့်သက်ဆိုင်ရာကို သတင်းပေးတိုင်ကြားနိုင် ပြီး ဥပဒေအရ အဆိုပါ သတင်းပေးသူကို မပေါ်ပေါက်စေရန် ဖုံးအုပ်ကာကွယ်ပေးသွားမည်ဟုလည်း ဆိုသည်။
ယင်းသမိုင်းဝင် ဥပဒေသစ်ကို အမျိုးသားညီလာခံနှင့် PPP ပါတီ ခေါင်းဆောင် ရှာမီလာဖာရူကီတို့က အထက်လွှတ်တော်သို့ အဆိုတင်သွင်းရာမှ နောက်ဆုံး ဥပဒေကြောင်းအရ အတည်ပြုနိုင်ခဲ့ခြင်းဖြစ်သည်။
ကိုကလင်း
Ref: dailytimes
#MeKongNews
#ပါကစ္စတန်
#ကလေးသူငယ်
#ထိမ်းမြားလက်ထပ်
#ဥပဒေမူဘောင်
#သမ္မတဇာဒါရီ








