မဲခေါင်၊ မေ ၁၅
ထိုင်းတစ်နိုင်ငံလုံးမှ လှူဒါန်းမှုများစွာ ရရှိနေသော နခွန်ပသွမ်ခရိုင်ရှိ နာမည်ကြီး ရိုင်ခင်ဘုန်းတော်ကြီးကျောင်းမှ ကိုးကွယ်သူများလှသည့် သက်တော် ၇၀ ရှိဆရာတော်မှာ ကျောင်းပိုင် အလှူငွေများကို အွန်လိုင်းလောင်း ကစားလုပ်ခဲ့မှုဖြင့် မေ ၁၅ ရက်၌ ၀ရမ်းထုတ် ဖမ်းဆီးခံခဲ့ရသည်။
ဆရာတော်အမည်မှာ ဓမ္မရာချီဝါနူဝပ်ဖြစ်ပြီး မေ ၁၅ ဒေသစံတော်ချိန် နံနက် ၁၀ နာရီတွင် ဘန်ကောက်ရှိ ဗဟိုစုံစမ်းထောက်လှမ်းရေးဗျူရို (CIB) မှ ဖမ်း၀ရမ်းထုတ်ပြီးနောက် မွန်းလွဲပိုင်းတွင် CIB မှ ရဲမှူးချုပ် ပန်ကရူး၊ CIB လက်ထောက် ရဲမင်းကြီး ဆရီပရာဆပ်ပပ်နှင့်အခြားသော ထိပ်တန်းစုံစမ်းထောက်လှမ်းရေးဗျူရို အရာရှိများ လာရောက် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။
CIB သည် ဆရာတော်နှင့်ပတ်သက်ပြီး သတင်းပေးတိုင်ကြားမှုများ ရှိသဖြင့် undercover အဖြစ် ရဲအရာရှိတစ်ဦးကို ဘုရားကျောင်းသို့ ၈ လကြာ စေလွှတ်ပြီး သက်သေခိုင်လုံစေရေး ဖော်ထုတ်ခိုင်းပြီးမှ သေချာသွားသဖြင့် ဖမ်း၀ရမ်းထုတ်ကာ ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။
ဆရာတော်သည် ကျောင်းအကျိုးတော်ဆောင် အဖွဲ့အား ဩဇာသုံးကာ ကျောင်းအလှူငွေများကို ၎င်းဘဏ်စာရင်းထဲသို့ ပြောင်းထည့်ခိုင်းခဲ့ရာ ဘတ် သန်း ၃၀၀ ရှိပြီး ထိုငွေများကို ပွဲစားအမျိုးသမီးနှင့် ချိတ်ဆက်ကာ အွန်လိုင်းလောင်းကစား အကောင့်များဖွင့်ကာ Baccarat ဖဲကစားနည်းတွင် လောင်းကြေးထပ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။
အွန်လိုင်းလောင်းကစား အမျိုးသမီးပွဲစားသည် LaGalaxy911 လောင်းကစားဝက်ဘ်ဆိုက်နှင့် ကွန်ရက်ဆက်သွယ်ထားသူဖြစ်ကာ မနှစ်က ဖမ်းဆီးခံခဲ့ရပြီးနောက် အာမခံဖြင့် ပြန်လွတ်မြောက်လာသူလည်းဖြစ်သည်။
ဆရာတော်ဓမ္မချီဝါနူဝပ်၏ လောင်းကစားငွေစာရင်းကို ၂၀၂၁ ခုနှစ်နောက်ပိုင်း ပြန်လည်စစ်ဆေးရာ ဘုရားကျောင်းဘဏ်စာရင်းမှ လွှဲယူသွားသော ဘတ် သန်း ၃၀၀ အပြင် ၎င်းကိုယ်ပိုင်ငွေများနှင့်ပေါင်း လျှင် လောင်းကစားလည်ပတ်မှုငွေသည် ဘတ် သန်း ၅၀၀ အထိရှိနေခဲ့ကြောင်း၊ ဘုရာကျောင်းပိုင်ငွေ များကုန်သွားသောအရာ ရင်းနှီးရာ တခြားနာမည်ကြီးဆရာတော်များဆီမှလည်း ဘတ်တစ်သိန်း မှ ဘတ်တစ်သန်း အထိ ချေးငှားပြီး လောင်းကစားဆက်လုပ်နေခဲ့သည်ကိုလည်း သိရှိရသည်ဟု ဆိုသည်။
ယင်းကိုယ်တော်သည် သက်ကြီးဝါကြီး နာမည်ကြီး ဖြစ်သောကြောင့် ပုံမှန်တရားရုံး အမှုစွဲချက်တင်မခံရဘဲ အာမခံဖြင့် ပြန်လွှတ်ပြီး အမှုရင်ဆိုင်ခွင့်ရရန် မျှော်လင့်နေကြောင်းလည်း သိရသည်။
ကိုကလင်း
Ref:The Nation Thailand
#MeKongNews
#ထိုင်းဘုန်းတော်ကြီး
#အွန်လိုင်းလောင်းကစား
#ရိုင်ခင်ဘုန်းတော်ကြီးကျောင်း
#ဓမ္မရာချီဝါနူဝပ်








