မဲခေါင်၊ မေ ၁၄
UWSA ဗဟိုဌာနချုပ် ပန်ဆန်း (ပန်ခမ်း) မြို့တွင် လက်နက်ခဲယမ်းများ ခိုးယူပြီး ရောင်းချခဲ့သည့် ထောက်ပို့တပ်သားတစ်ဦးကို ယနေ့မေလ ၁၄ရက် နံနက်ပိုင်းတွင် သေဒဏ်စီရင်ခဲ့ကြောင်း သိရသည်။
ယင်းသေဒဏ်စီရင်မှု ပန်ဆန်းမြို့ရှိ စာသင်ကျောင်းအားလုံးမှ ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံများကို လာရောက်ကြည့်ရှု့စေခဲ့ကြောင်း UWSA – “ဝ” ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ စစ်ဦးစီးဌာနရုံးက ထုတ်ပြန်သည်။
လက်နက်ခဲယမ်း ခိုးယူရောင်းချရာတွင် ပါဝင်သည်မှာ “ဝ” တပ်ဖွဲ့ဝင် ၂ဦးဖြစ်ပြီး တပ်ဖွဲ့ဝင်တစ်ဦးကို သေဒဏ်ပေးကာ ကျန်တစ်ဦးကို နှစ်ရှည်ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
သေဒဏ်စီရင်ခံရသည့် တပ်ဖွဲ့ဝင်သည် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ၊ မတ်လအတွင်းက ကျည်တောင့် ၈၀၀ ပါ ကျည်ဆံသေတ္တာ ၄၀ ( စုစုပေါင်းကျည်တောင့် ၃၂၀၀၀ တောင့်) ကို ခိုးယူခဲ့ခြင်းဖြစ်ပြီး ယင်းအနက် ၁၀၀၀ တောင့်ကို ကိုယ်တိုင်သုံးပြီး ကျန် ကျည်ဆံ ၃၁၀၀၀ တောင့်ကို တတောင့် ၁၅ ယွမ်နှုန်းနဲ့ စုစုပေါင်း တရုတ်ငွေ ၄၆၅,၀၀၀ ယွမ် ရရှိခဲ့သည်ဟု တရားစီရင်နေသည့် မှတ်တမ်းရုပ်သံဖိုင်တွင် ပြောကြားထားသည်။
“ဝ” UWSA ၏ အခြေခံဥပဒေကို ဆန့်ကျင်ပြီး ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားသည့်အတွက် သေဒဏ်ချမှတ်ရသည်ဟု သိရသည်။
ယင်းတပ်ဖွဲ့ဝင်အနေဖြင့် မည်သည့်အဖွဲ့အစည်းထံ ကျည်ဆံရောင်းချသည်ဆိုသည်ကိုမူ မဲခေါင်မှ UWSA ပြောရေးဆိုခွင့်ရှိသူ ဦးညီရမ်းထံ မေးမြန်းထားဆဲ ဖြစ်သည်။
မဟာ
#MeKongNews
#UWSA
#ပန်ဆန်း
#သေဒဏ်
#လက်နက်ခဲယမ်း
#ထောက်ပို့တပ်သား








