မဲခေါင်၊ မေ ၁၂
ဒုတိယအကြိမ် သမ္မတမဖြစ်ခင် မဲဆွယ်ကာလကတည်းက လိင်ပြောင်းသူများကို တပ်မတော်ထဲတွင် တာဝန်ထမ်းခွင့်မပြုဟု ကတိပေးခဲ့သည့် ဒေါ်နယ်ထရမ့် ၎င်း၏ ခံယူချက်အား အကောင်အထည်ဖော်မှုအဖြစ် စစ်တပ်အတွင်းမှ လိင်ပြောင်းအမှုထမ်း၊ အရာထမ်းများ ဇွန် ၆ ရက် နောက်ဆုံးထားပြီး ဆန္ဒအလျှောက် နုတ်ထွက်ရန်၊ မနုတ်ထွက်ပါက ထုတ်ပယ်ရန် အမေရိကန်စစ်ဌာနချုပ်တွင် ကာကွယ်ရေးဝန်ကြီး ပိ(တ်)ဟက်ဂ်ဆက်က မှာကြားထားပြီးဖြစ်သည် ဟု ရိုက်တာသတင်းဌာနက ဖော်ပြသည်။
သမ္မတသစ်အဖြစ် ပထမရက်အဖြစ် တာဝန်ထမ်းဆောင်သည့် ဇန်နဝါရီ ၂၀ ရက်မှာပင် ဒေါ်နယ်ထရမ့်က ၎င်း၏ အစိုးရအဖွဲ့သည် လူသားကမ္ဘာ၌ ကျားနှင့် မ နှစ်မျိုးတည်းကိုသာ အသိအမှတ်ပြုသည်ဟု ထုတ်ပြန်ခဲ့ပြီး မူဝါဒပြောင်းလဲမည်မဟုတ်သဖြင့် မတ်လကတည်းက လိင်ပြောင်းထားသူများ အမေရိကန်စစ်မှုထမ်းအဖြစ်မှ မိမိသဘောအလျှောက် နုတ်ထွက်ကြရန် တိုက်တွန်း မှာကြားခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့် မေ ၆ ရက်က အမေရိကန်တရားရုံးချုပ်သို့ ယင်းဥပဒေအသက်ဝင်စေရန် တင်ပြအကောင်အထည်ဖော်ပြီးနောက် ကာကွယ်ရေးဝန်ကြီး ပိ(တ်)ဟက်ဂ်ဆက်က ပင်တဂွန်တွင် စစ်ဘက်ဆိုင်ရာ အရာရှိများကို လျှို့ဝှက်တွေ့ဆုံဆွေးနွေးပြီး လက်ရှိ စစ်မှုထမ်းတာဝန်ယူနေသော လိင်ပြောင်းထားသူများ ဇွန် ၆ ရက်တွင် ရာထူးမှ နုတ်ထွက်ရန်၊ အရန်တပ်ရင်းမှ လိင်ပြောင်းထားသူများ ဇူလိုင် ၇ ရက်တွင် နောက်ဆုံးထား နုတ်ထွက်ရန်၊ မနုတ်ထွက်ပါက ထုတ်ပယ်ရန် ညွှန်ကြားခဲ့သည်ဟု ရိုက်တာ သတင်းဌာနက သတင်းအခိုင်အမာရရှိခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။
LGBTQ အသိုင်းအဝိုင်းထောက်ခံ ဥပဒေရေးရာအဖွဲ့ GLAD Law မှ စီနီယာဒါရိုက်တာ ဂျနီဖာလီဗီက ရှက်ဖွယ်ရာ ခွဲခြားဆက်ဆံ နှိမ့်ကွပ်မှုဖြစ်ကြောင်းနှင့် အမေရိကန်စစ်တပ်မှ သတ်မှတ်ထားသည့် အရည်အချင်းများနှင့်ပြည့်မီသဖြင့် နိုင်ငံအတွက် ရှေ့တန်းမှ ကာကွယ်ခွင့်ရထားသူ လိင်ပြောင်းလူသားများကို ယခုလို ပစ်ပယ်ခြင်းမှာ ဆိုးရွားလွန်းသော လူသားစံနှုန်းချိုးဖောက်မှုဟု ဝေဖန်သွားခဲ့သည်။
အမေရိကန် စစ်တပ်တွင် လိင်ပြောင်းသူများကို လွတ်လပ်စွာ စစ်မှုထမ်းခွင့်စပေးသူမှာ သမ္မတဟောင်း အိုဘားမားလက်ထက် ၂၀၁၆ ခုနှစ်တွင် ဖြစ်ပြီး ၂၀၁၇ တွင် ဒေါ်နယ်ထရမ့် သမ္မတအဖြစ် ပထမတစ်ကြိမ် တက်လာပြီးနောက် လိင်ပြောင်းထားသူများကို စစ်မှုထမ်းခွင့်ပြန်ပိတ်ပင်ခဲ့ကာ ဂျိုးဘိုင်ဒန်လက်ထက် ၂၀၂၁ တွင် အမေရိကန်နိုင်ငံ၌ လူသားတိုင်း နိုင်ငံကာကွယ်ခွင့်အရည်အချင်းပြည့်မီပါက အားလုံး စစ်မှုထမ်းခွင့်ပြုသည်ဟုဆိုကာ လိင်ပြောင်းထားသူများကို စစ်မှုထမ်းပြန်လည် လက်ခံပေးခဲ့သည်။ မနှစ်က စာရင်းဇယားအရ အမေရိကန် အမျိုးသားလုံခြုံရေးတပ်တွင် လိင်ပြောင်း စစ်မှုထမ်း ၄၂၄၀ ဦးရှိသည်ဟု သိရသည်။
ကိုကလင်း
Ref:The Nation Thailand
#MeKongNews
#LGBTQIA
#လိင်ပြောင်းထားသူ
#အမေရိကန်
#ဒေါ်နယ်ထရမ့်








