မဲခေါင်၊ မေ ၄
ရှမ်းပြည်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ အင်းလေးဒေသ၊ ဘီလူးချောင်းအရှေ့ဖက်ရှိ နန်းတုတ်ကျေးရွာနှင့် ကုန်းသာ (ခ) မစွန့်ခွမ်ကျေးရွာများကို စစ်ကောင်စီနှင့် လက်အောက်ခံ PNO/PNA ပြည်သူ့စစ်တို့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ပြည်သူလူထုနေအိမ်တစ်လုံးနှင့် ကျေးရွာခန်းမဆောင် ထိခိုက်ပျက်စီးခဲ့ရကြောင်း အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့က မေ ၃ ရက်တွင် ထုတ်ပြန်သည်။
မေလ ၂ ရက်တွင် စစ်ကောင်စီနှင့် လက်အောက်ခံ PNO/PNA ပြည်သူ့စစ် တို့များ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး နေ့လယ် မွန်းတည့်ချိန် ၁၂ နာရီဝန်းကျင်မှ မွန်းလွဲ ၂ နာရီခွဲ ဝန်းကျင်အထိ ဘီလူးချောင်းအရှေ့ဖက်ခြမ်းရှိ နန်းတုတ်ကျေးရွာကို လက်နက်ကြီး ၂ လုံး နှင့် ကုန်းသာ (ခ) မစွန့်ခွမ် ကျေးရွာကို လက်နက်ကြီး ၉ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း၊ ကုန်းသာရွာမှ ပြည်သူလူထုနေ အိမ်တစ်လုံးနှင့် နန်းတုတ်ကျေးရွာခန်းမဆောင် ထိခိုက်ပျက်စီးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
“ကုန်းသာမှာက ရွာသားတွေလည်း ရှိနေကြတော့ ၉ လုံးတောင်ကျတာဆိုတော့ လန့်သွားကြတာပေါ့။ သူတို့ဗုံးခိုကျင်းတွေတော့ လုပ်ထားကြတယ်။ လက်နက်ကြီးက မကျတာကြာပြီ။ အဲဒီဘက်က မနေ့ကမှ တောက်လျှောက်ထုနေတာ။ ဒီနေ့တော့ မရှိသေးဘူးရှင့်” ဟု အင်းလေးဒေသလူ့အခွင့်အရေးအဖွဲ့ မှတ်တမ်းပြုစုသူက မဲခေါင်ကို မေလ ၃ ရက်တွင် ပြောသည်။
ပြီးခဲ့သည့်ဇန်နဝါရီလ ၁၅ ရက်၊ ည ၉ နာရီခန့်တွင်လည်း စစ်ကောင်စီနှင့်လက်အောက်ခံ PNA ပြည်သူ့စစ် တို့က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပင်စုံရွာဘက်မှ မီးလောင်ဗုံး ၄ လုံးကို နန်းတုတ်ရွာသို့ ပစ်ခတ်ခဲ့သေးကြောင်း သိရသည်။
နန်းတုတ်ကျေးရွာသည် အင်းလေးဒေသနှင့် ဖယ်ခုံနယ်စပ်တွင်တည်ရှိကာ ပင်လောင်းမြို့နယ်ထဲတွင် ပါဝင်ပြီး အင်းသားလူမျိုးအများစု နေထိုင်သည့်ရွာဖြစ်သည်။
စစ်ကောင်စီနှင့် လက်အောက်ခံ PNO/PNA တို့က နိုင်ငံတဝှမ်းတွင် နယ်မြေများလက်လွှတ် ဆုံးရှုံးထားရသည့်အတွက် တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ဖယ်ခုံ၊ မိုးဗြဲရှိ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီးဖြင့် ပြည်သူများ ထိခိုက်သေကြေ ပျက်စီးစေရန် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်။
မဟာ
#MeKongNews
#ဘီလူးချောင်း
#ပင်လောင်း
#PNO
#လက်နက်ကြီး








