မဲခေါင်၊ မေ ၂
ဒေါ်နယ်ထရမ့် ဒုတိယအကြိမ်မြောက် အမေရိကန်သမ္မတဖြစ်လာစေရန် အဓိက ငွေအားလူအား စိုက်ထုတ်ခဲ့သလို သမ္မတဖြစ်လာပြီးနောက် အမေရိကန်နိုင်ငံ၏ ဒီမိုကရေစီနှင့်လူသားချင်းစာနာမှု စံပြု မူဝါဒများအားလုံးနီးပါးကို ဖျက်ဆီး ပြင်ဆင်ရာတွင် အတိုင်ပင်ခံအဖြစ် ဦးဆောင်ပါဝင်ခဲ့သော အီလွန်မာ့စ်၏ CEO ရာထူးနေရာ အစားထိုးရန် Tesla လျှပ်စစ်ကား ကုမ္ပဏီဘုတ်အဖွဲ့က စီစဉ်နေပြီဖြစ်ကြောင်း The Wall Street Journal က ဧပြီ ၃၀ တွင် ဖော်ပြသွားခဲ့သည်။
အီလွန်မာ့စ်သည် နိုင်ငံတကာအကူအညီအထောက်အပံ့များနှင့် အေဂျင်စီများကို ရပ်ဆိုင်းဖျက်သိမ်းခြင်း၊ နယ်ပယ်အသီးသီးမှ နိုင်ငံ့ဝန်ထမ်းများစွာကို ထုတ်ပယ်ခြင်းတွင် အဓိက ဆုံးဖြတ်သည် အစိုးရစွမ်းဆောင်ရည်ဌာန အကြီးအကဲ တာဝန်ယူခဲ့ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ဆန္ဒပြခံရမှုများ ကြုံနေရသလို Tesla လုပ်ငန်းနှင့် ကားများကို နိုင်ငံတစ်ဝန်း ပစ်မှတ်ထား ဖျက်ဆီးတိုက်ခိုက်ခံရခြင်းများ ရှိလာခဲ့သည်။
ပြီးခဲ့သည့်လက အီလွန်မာ့စ်သည် မိမိထူထောင်ထားသော Tesla ကုမ္ပဏီ အမြတ်အစွန်းများစွာကျဆင်းနေပြီဖြစ်ရာ ထရမ့်အစိုးရ၏ အစိုးရစွမ်းဆောင်ရည်ဌာနအကြီးအကဲ တာဝန်များဘက် မလှည့်တော့ဘဲ ကုမ္ပဏီလုပ်ငန်းဘက် ပြန်ဦးလှည့်မည်ဟု ပြောဆိုခဲ့သည်။
သို့သော် ယခုနှစ်အတွင်း Tesla ကုမ္ပဏီ၏ အမြတ်အစွန်းသည် ၃ ပုံ ၂ ပုံမျှရှိသော ၇၁ ရာခိုင်နှုန်းအထိ ကျဆင်းသွားသဖြင့် ရှယ်ယာရှင်များ၊ ဘုတ်အဖွဲ့ဝင်များသည် ပြီးခဲ့သည့် တစ်လကတည်းက အီလွန်မာ့စ်၏ CEO နေရာ၌ အသင့်တော်ဆုံး လူတစ်ဦးကို အစားထိုးရန် ရှာဖွေနေပြီဖြစ်ကြောင်း The Wall Street Journal က ဖော်ပြသွားခဲ့သည်။
ကိုကလင်း
Ref: indiatoday
#MeKongNews
#တက်စ်လာ
#အီလွန်မာ့စ်
#အမေရိကန်
#ဒေါ်နယ်ထရမ့်








