မဲခေါင်၊ မေ၁
ကိုးကန့်တပ်ဖွဲ့ – MNDAA တပ်များ ဝင်ရောက်သိမ်းပိုက်လိုက်သည့် စိန်ကျော့တပ်စခန်းကို SSPP က ပြန်လည်ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း SSPP Info က ဧပြီ ၃၀ရက် ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
လက်ရှိတွင် SSPP/SSA တပ်စခန်းများ တည်ရှိရာ နားနန်းကျေးရွာ၊ နားတော်ကျေးရွာ၊ ခိုနန်းဖ၊ တင်းဟိုင်းကျေးရွာ၊ ဆင်ကျော့ ၊ နားတောင့်၊ နားမခေါ်၊ ဖာစေ (သီပေါ) စသည့် နေရာများ၌ ကိုးကန့်တပ် MNDAA မှ အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာသည့် အခြေ အနေများ ရှိနေကြောင်းလည်း SSPP ဘက်က ထုတ်ပြန်သည်။
ထုတ်ပြန်ချက်တွင်ဧပြီလ ၂၉ ရက်နေ့တွင် MNDAA တပ်က ရှမ်းတပ်မတော် SSPP/SSA လှုပ်ရှားနယ်မြေအတွင်း ကျုးကျော်ဝင်လာပြီး SSPP/SSA တပ်ဖွဲ့ဝင်များအား ဖမ်းဆီးရိုက်နှက်မှု၊ တပ်နေရာအတင်း ပြောင်း ရွှေ့ခိုင်းမှုကြောင့် နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားကာ ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်ဟု ဆိုသည်။
ယင်းနှစ်ဖက်ထိတွေ့တိုက်ပွဲသည် သီပေါမြို့ နယ် တင်းဟိုင်းကျေးရွာနှင့်ဟူးမီကျေးရွာ အနီး ၂ နာရီနီးပါးအကြာ ပစ်ခတ်ခဲ့ကြပြီး MNDAA ဘက်မှ တပ်ဖွဲ့ဝင်များ ဒဏ်ရာရရှိကြောင်း ပါရှိသည်။
၎င်း၏ စစ်သတင်းအရင်းအမြစ်၏ပြောပြချက်အရ နံနက် ၁၀နာရီမှ ၁၂နာရီအထိနှင့်နေ့လယ် ၂နာရီတွင် မိုင်းကျက်၊ မိုင်းရော်၊ ဟိုဟွေးဘက်က SSPP တပ်စခန်း ထပ်မံတိုက်ခိုက်ခံရပြီး ညနေ ၃နာရီခွဲတွင် MNDAA က စိန်ကျော့တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ကြောင်း၊ SSPP ဘက်က မိုင်းကျက်တပ်စခန်းက တပ်သား ၂ ဦးဒဏ်ရာရရှိပြီး နားနန်းဘက်တွင်လည်း MNDAA ရိုက်နက်မှုကြောင့် တပ်သား ၂ ဦးဒဏ်ရာရခဲ့သည်ဟု ပါရှိသည်။
ယမန်နေ့ရက်စွဲဖြင့် SSPP ၏ ထုတ်ပြန်ချက်တွင် သီပေါမြို့နယ် စစ်ရေးထိတွေ့မှု ၈နေရာဖြစ်ပွားခဲ့ပြီး ရုန်းရင်းဆန်ခတ်ထိတွေ့ရိုက်နှက်ဖမ်းဆီးမှု ၂၄နေရာ၌ရှိခဲ့ကြောင်း ပါရှိပြီး ယင်းပဋိပက္ခများအတွက် နှစ်ပါတီဗဟိုအဆင့်တွေ့ဆုံဖြေရှင်းသွားမည်ဟု ပါရှိထားသည်။
မဟာ
#MeKongNews
#SSPP
#MNDAA
#စိန်ကျော့
#သီပေါ








