မဲခေါင်၊ ဧပြီ ၂၉
ဧပြီ ၂၇ ရက်တွင် ဗာတီကန်၌ ပုပ်ရဟန်းမင်းကြီး ဈာပန၌ ဇီလန်းစကီးနှင့် တစ်ခဏ တွေ့ဆုံဆွေးနွေးခဲ့ ပြီးနောက်တစ်ရက်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဇီလန်းစကီးသည် ခရိုင်းမီးယားဒေသကို ရုရှားထံ ပေးအပ်ရန် သဘောတူညီလောက်ပြီဟု ထင်မြင်ကြောင်း ထုတ်ပြန်ပြောဆိုသွားခဲ့သည်။
မိမိ သမ္မတပြန်ဖြစ်လျှင် တစ်ရက်တည်းနှင့် ရုရှား-ယူကရိန်းစစ်ပွဲ ရပ်တန့်သွားစေရမည်ဟု ကြုံးဝါးခဲ့ သော ဒေါ်နယ်ထရမ့်သည် ပြီးခဲ့သည့် ရက်များအတွင်း ငြိမ်းချမ်းရေးစာချုပ်ရန် ကြားဝင်အဆိုတင်သွင်း ခဲ့ရာ နှစ်ဖက်စလုံးက လက်မခံနိုင်သေးသောကြောင့် နောက် ၂ ပတ်ကြာလျှင်မှ သဘောမတူလျှင် ကြားဝင်ဆွေးနွေးမှုမှ နုတ်ထွက်သွားနိုင်သည်ဟု ပြောဆိုခဲ့သည်။
ထရမ့်၏ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် ၂၀၁၄ ခုနှစ်က ရုရှားသိမ်းပိုက်ခဲ့သော ယူကရိန်း၏ ပင်လယ်နက်ထွက်ပေါက် ခရိုင်းမီးယားဒေသကို တရားဝင် ရုရှားထံ လွှဲပေးရန် ပါရှိရာ ဇီလန်းစကီး က မည်သည့်အခါမျှ မပေးနိုင်ဟု ငြင်းဆိုသဖြင့် ငြိမ်းချမ်းရေးသဘောတူညီချက်မရဘဲ ဂျာမနီနှင့်အနောက် မဟာမိတ်များက ထရမ့်၏ ငြိမ်းချမ်းရေးကမ်းလှမ်းမှုသည် ရုရှားသမ္မတ ပူတင်ဘက်သို့ တစ်ဖက်သတ် အသာပေးထားလွန်းသည်ဟုဆိုကာ လက်မခံလိုက်ရန် တိုက်တွန်းနေကြသည်။
သို့သော် ပုပ်ရဟန်းမင်းကြီးဈာပနတွင် ဇီလန်းစကီးနှင့် ခဏတာ တွေ့ဆုံခဲ့ပြီးနောက် ဒေါ်နယ်ထရမ့်က ငြိမ်းချမ်းရေးရရန် အရေးအပါဆုံး ရက်သတ္တပတ်အတွင်း ရောက်ရှိနေကြောင်းနှင့် ခရိုင်းမီးယားကို လက်လွှတ်ရန် ဇီလန်းစကီး ဆုံးဖြတ်လိုက်ပြီလားဟု သတင်းသမားများမေးမြန်းရာတွင်လည်း ဟုတ်တယ်၊ ထင်ပါတယ် ဟု ပြန်လည်ဖြေကြားသွားကာ ပူတင်အနေဖြင့်လည်း လူသားများသေဆုံးမှု ကို ရပ်တန့်စေရေး ပစ်ခတ်နေမှုများ လုံး၀ရပ်တန့်ပြီး စာချုပ် လက်မှတ်ရေးထိုးလိုက်ပါဟု တိုက်တွန်း ပြောကြားသွားခြင်းဖြစ်သည်။
ဗာတီကန်တွင် ထရမ့်နှင့်ဇီလန်းစကီးတွေ့ဆုံသည့်ညတွင်ပင် ယူကရိန်း အရှေ့ပိုင်းသို့ ရုရှားဘက်မှ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ၄ ဦးသေဆုံးပြီး ဒါဇင်ချီ ဒဏ်ရာရခဲ့ကြသည်။ တစ်ဆက်တည် ယူကရိန်းဘက်မှလည်း ရုရှားပိုင်နက် ဘရိုင်းယန့်စ်ကို ဒရုန်များ စွာဖြင့် ပြန်လည်တိုက်ခိုက်ရာ ပြည်သူတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရခဲ့သည်။
ကိုကလင်း
Ref: france24
#MeKongNews
#ဇီလန်းစကီး
#ဒေါ်နယ်ထရမ့်
#ခရိုင်းမီးယား
#ယူကရိန်း








