မဲခေါင်၊ ဧပြီ ၂၆
ဧပြီ ၂၅ ရက်နေ့က ဘန်ကောက်ရှိ သောင်ဆောင်းဟောင်အရပ် ဆွိုင်ချန်းဝက်တနာရှိ ကွန်ဒိုခန်းထဲတွင် စစ်သုံးလက်နက်များစွာကို သောင်ဆောင်းဟောင် ရဲစခန်းတာဝန်ရှိသူများ သွားရောက်သိမ်းဆည်းရမိခဲ့ပြီး ထိုလက်နက်ခဲယမ်းများသည်လည်း ကရင်အမျိုးသားအစည်းအရုံး (KNU) ထံသို့ ပို့ဆောင်မည့် လက်နက်ခဲယမ်းများဖြစ်ကြောင်း ထိုင်းမီဒီယာများက ဖော်ပြခဲ့ကြသည်။
ဧပြီ ၂၃ ရက်နေ့ကလည်း ချင်းမိုင်ရှိ နီဝတ်ရဲစခန်းတာဝန်ရှိသူများသည် စစ်လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများကို သိမ်းဆည်းရမိခဲ့ပြီး မယ်ဟောင်ဆောင်မှ အမျိုးသား ၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ကာ ၎င်းတို့သည်လည်း ထိုလက်နက်ခဲယမ်းများကို KNU ထံ ပို့ဆောင်ပေးမည့် လက်နက်များဟု ထွက်ဆိုခဲ့ကြောင်းနှင့် ထိုအမှုတွဲနှင့် နောက်ဆက်တွဲအမှုအဖြစ် ယခုလို လက်နက်ခဲယမ်းများ ထပ်မံ သိမ်းဆည်းရမိခြင်းဖြစ်နိုင်ကြောင်း သိရသည်။
ဧပြီ ၂၅ ရက်တွင် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများနှင့်ပတ်သက်ပြီး ကွန်ဒိုပိုင်ရှင်ကို မေးမြန်းရာ အခန်းပိုင်ရှင်သည် ဧပြီ ၁၂ ရက်နေ့ကတည်းက ထိုအခန်းသို့ ပြန်လာခဲ့ခြင်းမရှိကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။
ကိုကလင်း
Ref: Khaosod
#MeKongNews
#ဘန်ကောက်
#KNU
#လက်နက်ခဲယမ်း
#မယ်ဟောင်ဆောင်








