မဲခေါင်၊ ဧပြီ ၂၅
ရှန်းပြည်တောင်ပိုင်း၊ ပအိုဝ်းဒေသမှ တော်လှန်ရေးတပ် PNLA တပ်ဖွဲ့ထံသို့ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး လက်နက်နှင့်အတူ အလင်းဝင်လာခဲ့ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် – PNLA က ယနေ့ ဧပြီ ၂၅ရက်တွင် ထုတ်ပြန်သည်။
အလင်းဝင်လာသူ PNO ပြည်သူ့စစ်မှာ စစ်ကောင်စီတပ်နှင့် အထက်လူကြီးဆိုသူများ နှိပ်စက်သည်ကို မခံနိုင်သဖြင့် PNLAဆီ ထွက်ပြေးလာခြင်းဖြစ်ကြောင်း၊ ၎င်းသည် ဧပြီလ ၁၆ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပေးထားသည့် KIA ထုတ် M22တစ်လက်ဖြင့် ထွက်ပြေးလွတ်မြောက် လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“M22 တစ်လက်၊ ကျည်ကပ်၂ခုနဲ့ ကျည်၁၀၀ လောက်ပါပါတယ်။ သူ့ကို ရိုက်ထားတာလည်း ဒဏ်ရာတွေများတယ်။ ရွာတွေမှာ လုယက်ယူငင်ရွာသားတွေကို နှိပ်စက်တာနဲ့သူ့ကိုပါ အနိုင်ကျင့်လို့ ထွက်ပြေးလာတာပါ” ဟု PNLA ပြောခွင့်ရ ခွန်ရိုင်းယံက မဲခေါင်ကို ပြောသည်။
ထွက်ပြေးလွတ်မြောက်လာသူသည် အနှိပ်စက်ခံထားရခြင်းကြောင့် ဒဏ်ရာများလည်း ရရှိထားသဖြင့် PNLO/PNLA မှ ဆေးကုသပေးခဲ့သည့်အပြင် ဆုငွေများလည်းပေးအပ်ခဲ့ကြောင်း သိရသည်။
ထွက်ပြေးလာသူ၏ ထွက်ဆိုချက်အရ စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များက ကျေးရွာအတွင်းရှိ ပြည်သူများ၏ စည်းစိမ်ပစ္စည်းများကို ခိုးယူခြင်း ဓားပြတိုက်ခြင်း အောက်လက်ငယ်သားများအား ရိုက်နှက်နှိပ်စက်ခြင်း များပြုလုပ်ခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၇ရက်ကလည်း စစ်ကောင်စီတပ်နှင့် အထက်လူကြီးဆိုသူများ နှိပ်စက်သည်ကို မခံနိုင်သဖြင့် ထွက်ပြေးလာသည့် PNO ပြည်သူ့စစ်တစ်ဦးလည်း လက်နက်ဖြင့် အလင်းဝင်လာခဲ့သေးသည်။
ပအိုဝ်းအမျိုးသားအချင်းချင်းသည် ရန်သူမဟုတ်ဘဲ စစ်အာဏာရှင်စနစ်သည်သာ ပြည်သူလူထုတရပ်လုံး၏ ရန်သူဖြစ်သည်ဟု ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် – PNLO/PNLA က ကြေညာထားသည်။
မဟာ
#MeKongNews
#ပြည်သူ့စစ်
#PNLA
#အလင်းဝင်
#M22








