မဲခေါင်၊ ဧပြီ ၂၃
စစ်ကောင်စီက အပစ်ရပ်ကာလ ထပ်တိုးကြောင်း ကြေငြာသည့် ဧပြီလ ၂၂ ရက်တွင် ဆီဆိုင်မြို့တောင်ဘက်ရှိ PNLO ဌာနချုပ် ရှိရာနယ်မြေကို လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း PNLA က ယနေ့ ဧပြီ ၂၃ ရက်တွင် သတင်းထုတ်ပြန်သည်။
ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့ နံနက် ၈ နာရီမှ ၁၁ နာရီအထိ မည်သည့်တိုက်ပွဲမျှ ဖြစ်ပွားခြင်း၊ စစ်ရေးလှုပ်ရှားခြင်းမှမရှိဘဲ စစ်ကောင်စီတပ်နှင့် စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်သည် လွယ်ချယ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် နောင်ကျောကျေးရွာတွင် တပ်စွဲကာ PNLO ဌာနချုပ်အနီးရှိ ကျေးရွာများနှင့် နောင်ထောဝ်ကျေးရွာကို ဟောင်ဝစ်ဇာလက်နက်ကြီးများဖြင့် ၁ဝ ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း ပြည်သူလူထု၏ နေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း PNLO/PNLA ထံမှ သိရသည်။
“ငလျင်က ပအိုဝ်း ဒေသအပါ တစ်တိုင်းပြည်လုံး ထိခိုက်စေတာဖြစ်လို့ စစ်ရေးပြင်ဆင်မှုတွေ၊ တိုက်ပွဲတွေရပ်ထားတာကို စစ်ကောင်စီကလည်း ထပ်တိုးကြေညာတဲ့မနေ့မှာပဲ ၈၁ တွေရော ဟောင်ဝစ်ဇာတွေရောပစ်တာ၊ ကွဲတာလည်းရှိ မကွဲတာလည်းရှိတယ်။ လူတွေတော့မထိဘူး။ အိမ်အချို့ပျက်စီးတယ်” ဟု PNLA ပြောခွင့်ရှိသူ ခွန်ရုဲင်းယံက မဲခေါင်ကို ယနေ့ ဧပြီလ ၂၃ ရက်တွင်ပြောသည်။
အပစ်ရပ်သက်တမ်းတိုးကြောင်း ကြေညာသည့်နေ့တွင်ပင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းမှာ စစ်ကောင်စီ၏ ထုတ်ပြန်ချက်နှင့် လုပ်ရပ် ကွဲပြားနေသည်ကို မြင်သာစေကြောင်း၊ တည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုကို စစ်ကောင်စီက မလိုချင်ကြောင်း ခွန်ရုဲင်းယံက ပြောသည်။
စစ်ကောင်စီသည် ယခင်ကလည်း PNLO ဌာနချုပ်ဧရိယာကို လက်နက်ကြီးများ ဂျက်ဖိုက်တာ လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ဖူးသည်။
ယာယီပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကာလကို ဧပြီလ ၂၃ ရက်နေ့မှ ၃၀ ရက်နေ့အထိ တပတ် ထပ်တိုးလိုက်ကြောင်း ယမန်နေ့ ဧပြီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီက ထုတ်ပြန်ထားသည်။
မဟာ
#MeKongNews
#PNLO
#လက်နက်ကြီး
#စစ်ကောင်စီ
#ဆီဆိုင်မြို့








