မဲခေါင်၊ ဧပြီ ၂၂
ရွှေတြိဂံဒေသဖြစ်သည့် လာအိုနိုင်ငံ၊ ဘော်ကီယိုခရိုင်အတွင်း၌ ယာမစိတ်ကြွဆေးပြား သိန်း ၂၀၀ ကို ထရပ်ကားတစ်စီးအတွင်း ပိုင်ရှင်မဲ့ဖမ်းမိကြောင်း လာအိုအာဏာပိုင်းများက သတင်းထုတ်ပြန်သည်။
ဧပြီလ ၂၁ရက် ညနေ ၆နာရီခွဲခန့်က လာအိုနိုင်ငံ၊ ဘော်ကီယိုခရိုင်ရှိ တွန်ဖွန်စစ်ဆေးရေးဂိတ်ကို ဖြတ်သွားသည့် ၁၀ဘီးကား တစ်စီးကို စစ်ဆေးရန်အတွက် တာဝန်ကျလုံခြုံရေးဝန်ထမ်းများက တားဆီးရာ ကားမှာ အစစ်ဆေးမခံဘဲ ဂိတ်ကို ဖြတ်သန်းမောင်းနှင်သွားကြောင်း၊ တာဝန်ကျလုံခြုံရေးများက နောက်မှ လိုက်လံဖမ်းဆီးရာ စစ်ဆေးရေးဂိတ်နှင့် မီတာ ၃၀၀ ခန့်အကွာတွင် ၁၀ဘီးကားကို ရပ်ထားသည်ကို တွေ့ရကြောင်း လာအိုနိုင်ငံ၊ ဘော်ကီယိုခရိုင် လူမှုလုံခြုံရေးရုံးက ထုတ်ပြန်သည်။
ယင်းရပ်တန့်ထားသည့် ၁၀ ဘီးကားကို စစ်ဆေးရာ ကားပေါ်တွင် တစ်အိတ်လျှင် စိတ်ကြွဆေးပြား ၂သိန်းပါဝင်သည့် အိတ်ပေါင်း ၁၀၀ ကို ဖမ်းဆီးရမိကြောင်း၊ အလေးချိန်အားဖြင့် ၂၀၂၀ ကီလိုဂရမ်ရှိပြီး ယာဉ်မောင်းမှာမူ ထွက်ပြေးသွားကြောင်း ထုတ်ပြန်ထားသည်။
လာအိုနိုင်ငံ၊ ဘော်ကီယို မူးယစ်နှိမ်နင်းရေးရဲတပ်ဖွဲ့ အနေဖြင့် ယာဉ်ပိုင်ရှင်ကိုစုံစမ်းနေပြီး ကွင်းဆက်များကိုလည်း လိုက်လံစုံစမ်းနေကြောင်း သိရသည်။
Source – Maesai Press
Photo – Bo Kaeo District Social Security Office
#MeKongNews
#လာအိုနိုင်ငံ
#စိတ်ကြွဆေးပြား
#ရွှေတြိဂံဒေသ
#ဘော်ကီယိုခရိုင်








