မဲခေါင်၊ ဧပြီ၂၂
ရှမ်းပြည်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မြင်းမထိတောင်တွင် ဒေသခံများ သဘောတူခွင့်ပြုချက်မရှိဘဲ ခဲသတ္တုတူးဖော်နေသည့် လေးပွင့်ကြယ်သတ္တုတူးဖော်ရေးကုမ္ပဏီ၏ ကားများ၊ စက်ယန္တရားများကို ဒေသခံများက သွားလာခွင့်မပြုတော့ဘဲ တားမြစ်ပိတ်ပင်ထားကြောင်း ဒေသခံလူထုထံက သိရသည်။
ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်၊ နံနက်ပိုင်းက ကုမ္ပဏီ ဆီသယ်ကား ၂ စီး သိကျိတ်ကျေးရွာအတွင်း ရောက်ရှိလာသည်ကို ဒေသခံများက တားမြစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကိစ္စအတွက်လာရောက်သည့် ကုမ္ပဏီတာဝန်ခံက ပရာဒေါင်းဆွေမျိုးစုမှ အသိပေးအကြောင်းကြားထားသည့်စာများကို ကုမ္ပဏီမှ မသိရှိရပါကြောင်း၊ ၎င်းအထက်က တာဝန်ရှိသူများကလည်း ၎င်းကိုပြောပြခြင်းမရှိကြောင်းနှင့် မသိရှိလို့ လာမိပြီးဖြစ်သည့်အတွက်ကြောင့် ဒီတစ်ခါဝင်ခွင့်ပေးပါဟု တောင်းဆိုခဲ့သည်ဟု ဆိုသည်။
ပရာဒေါင်းဆွေမျိုးစုကတော့ အသိပေးထုတ်ပြန်ထားသည့်အတိုင်း ဆက်ဝင်ဖို့ လက်မခံနိုင်ကြောင်း ပြန်လည်ပြောဆိုသဖြင့် ကားများလာရာလမ်းကြောင်းအတိုင်း ပြန်လှည့်သွားကြကြောင်း သိရသည်။
“တားတာတော့ ၁၅ ရက်ကတည်းကပဲ၊ ကားတွေကိုလှည့်ပြန်ခိုင်းတယ်။ မြင်းမထိလုပ်ကွက်က ဦးဘက်စုံဆိုတဲ့ လေးပွင့်ကြယ်ကုမ္ပဏီတာဝန်ခံကိုလည်း အလိုမရှိကြောင်း ဆိုင်းဘုတ်တင်ထားတယ်။ တားတဲ့နေရာကတော့ သိကျိတ်ရွာကနေ မြင်းမထိတောင်သွားလမ်းမှာပဲ” ဟု ပရာဒေါင်းဆွေမျိုးစု ဥက္ကဌ ခွန်အောင်နိုင်စိုးက မဲခေါင်ကို ဧပြီ ၂၂ ရက်တွင် ပြောသည်။
ဦးဘက်စုံ ဆိုသည့် လေးပွင့်ကြယ်ကုမ္ပဏီ၏ မြင်းမထိလုပ်ကွက်တာဝန်ခံမှာ လက်ရှိ လေးပွင့်ကြယ်ကုမ္ပဏီလုပ်ကွက်ပါဟု ၎င်းတို့သတ်မှတ်ထားသည့်နေရာတွင် လုပ်ငန်းရှင်တစ်ဦးဝင်ရောက်လုပ်ကိုင်ပါက လုပ်ကွက်တစ်ကွက်ကို တစ်နှစ် ကျပ်သိန်း (၁၀၀/၁၅၀/၃၀၀) အထိ၊ အင်းတစ်အင်းကို တစ်လ ကျပ်သိန်း (၃၀/၅၀) စသည်ဖြင့် ၆ လ သို့မဟုတ် တစ်နှစ်စာချုပ် ချုပ်ဆိုပြီး ၎င်းကိုပေးသွင်းရကြောင်း ခွန်းအောင်နိုင်စိုးက ဆိုသည်။
၎င်းမြေခွန်/မြေခ များနှင့်ပတ်သက်၍ ဒေသခံပရာဒေါင်းဆွေမျိုးစု ပြည်သူလူထုသို့ တစ်ပြားတစ်ချပ်မှ ပြန်လည်ပေးသွင်းတာလည်း မရှိခဲ့ဟု ပြောသည်။
ပြီးခဲ့သည့် ဧပြီ ၁၃ ရက်က ဒေသခံ ကယန်းလူမျိုး၊ ကဲဒေါ့မျိုးနွယ်စု၊ ပရာဒေါင်းဆွေမျိုးစုက အကြီးစားသတ္တုတူးဖော်မှုများကို နွေဦးတော်လှန်ရေးမပြီးမချင်း ခွင့်ပြုမည်မဟုတ်သလို လက်ရှိလုပ်ကိုင်နေသည့် ကုမ္ပဏီများလည်း ဧပြီလ ၂၀ ရက်နေ့ နောက်ဆုံးထား ထွက်ခွာသွားရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
မဟာ
#MeKongNews
#မြင်းမထိတောင်
#ပရာဒေါင်းဆွေမျိုးစု
#သိကျိတ်ကျေးရွာ
#သတ္တုတူး








