မဲခေါင်၊ ဧပြီ ၁၇
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA ထိန်းချုပ်နယ်မြေ မိုးကုတ်မြို့အရှေ့ပိုင်းနှင့်အနောက်ပိုင်းကြားကို စစ်ကောင်စီတပ်က မြန်မာ့နှစ်သစ်ကူး နှစ်ဆန်း ၁ ရက်နေ့ ဧပြီလ ၁၇ ရက်နေ့ နံနက်ပိုင်း ၁၀ နာရီခန့်တွင်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။
ကျရောက်ပေါက်ကွဲသည့်နေရာ အတိအကျနှင့် ထိခိုက်မှုအခြေအနေကို မသိရသေးကြောင်း၊ မိုးကုတ်မြို့အရှေ့ဘက် ကဆုတ်ကျေးရွာသို့တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ကြောင်း TNLA က သတင်းထုတ်ပြန်ထားပြီး မိုးကုတ်မြို့နေထိုင်သူပြည်သူတစ်ဦးမှ ကဆုတ်ကျေးရွာနှင့် ဝေးကြောင်းပြောဆိုသည့်အတွက် ကျရောက်သည့်နေရာအား မဲခေါင်အနေဖြင့်အတည်ပြုနိုင်ခြင်း မရှိသေးပေ။
စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာ၏ အနီးတဝိုက်တွင် မစိုးရိမ်တိုက်ကျောင်း၊ ဂေါက်ကွင်း၊ နန်းနွဲ့၊ ရွေလိပ်ပြာကျေးရွာတို့ တည်ရှိပြီး ဗုံးကြဲတိုက်ခိုက်ချိန်၌ မစိုးရိမ်ကျောင်းပတ်ဝန်းကျင်မှ မီးခိုးလုံးတက်လာသည်ကိုတွေ့ရကြောင်း ဒေသခံတစ်ဦးမှ မဲခေါင်ကိုပြောသည်။
စစ်ကောင်စီတပ်သည် ဧပြီလ ၂ ရက်မှ ၂၂ ရက်အထိ ရက်ပေါင်း ၂၀ ကြာ အပစ်အခတ်ရပ်စဲကြောင်းကြေညာထားသော်လည်း TNLA အုပ်ချုပ်သော မြို့နယ်များ၌ စစ်အင်အားဖြည့်တင်းခြင်း၊ ထိုးစစ်ဆင်ခြင်းနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာများကို လေကြောင်းဖြင့် ဗုံးကြဲခြင်းစသည့်လုပ်ရပ်များ ပြုလုပ်နေကြောင်း TNLA ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဂနိုက်
#MeKongNews
#စစ်ကောင်စီ
#လေကြောင်းတိုက်ခိုက်
#TNLA
#မိုးကုတ်








