မဲခေါင်၊ ဧပြီ ၁၆
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့ရှိ Medical ဆေးရုံဝန်းအတွင်း ယနေ့ဧပြီလ ၁၆ရက် နေ့လယ် ၂နာရီခန့်တွင် ဆေးခန်းလာပြသည့် လူနာ၏ဆိုင်ကယ် ခိုးယူခံလိုက်ရကြောင်း သိရသည်။
ယနေ့နေ့လယ်တွင် မိုင်းဆတ်မြို့နယ်မှ အမျိုးသမီး ၂ဦးက ကျိုင်းတုံမြို့၊ နောင်ကုန်ရပ်ကွက်ရှိဆေးရုံသို့ လာရောက်၍ ရောဂါပြသစဥ် ဆိုင်ကယ်ကိုဆေးရုံ၏ ဆိုင်ကယ်လုံခြုံရေးအစောင့်ထံ အပ်နှံခဲ့ရာမှ ပျောက်ဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။
“အစောင့်က သော့မခတ်နဲ့ ရွှေ့ရခက်တယ်ပြောလို့ သူ့ထံအပ်ထားခဲ့တာ၊ သူထမင်းစားတုန်းခိုးခံရတာလို့ ပြောတယ်။ ဆေးရုံက ရဲစခန်းအကြောင်းကြားပြီးပြီလို့ပြောတယ်။ သူတို့အကြောင်းကြားလာမယ်တဲ့” ဟု ဆိုင်ကယ်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
ဆေးရုံရှိ CCTV မှတ်တမ်းတွင် ဆိုင်ကယ်ခိုးယူသူကို တွေ့မြင်ရပြီး ခိုးယူခံသည့် ဆိုင်ကယ်မှာ Honda 110 အဖြူရောင် ဆိုင်ကယ်ဖြစ်ကြောင်း သိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း ဆိုင်ကယ်၊ ခိုးမှု၊ လုယက်မှုများမကြာခဏဆိုသလိုဖြစ်ပွားနေပြီး မြင်သာထင်သာရှိသည့် နေ့ခင်းအချိန်၌ပင် ဖြစ်ပွားနေသည့်အတွက် သူခိုးများကို ထိထိရောက်ရောက် နှိမ်နင်းရန်လိုအပ်နေကြောင်း မြို့နေလူထုက အကြံပြုနေကြသည်။
#MeKongNews
#ကျိုင်းတုံ
#ဆိုင်ကယ်ခိုးမှု
#ဆေးရုံဝန်း
#ရှမ်းအရှေ့








