မဲခေါင်၊ ဧပြီ ၁၂
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်တွင် ကန်တာယာဥ်တစ်စီး ရေချောင်းအတွင်း ထိုးကျတိမ်းမှောက်၍ တစ်ဦးသေကာ ၆ဦးဒဏ်ရာရကြောင်း မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီသူများထံက သိရသည်။
ယမန်နေ့ ဧပြီလ၁၁ရက်နေ့ ည၆နာရီဝန်းကျင်တွင် ကျိုင်းတုံမြို့နယ်၊ ယန်းခအုပ်စု၊ (၃၁)မိုင်ကျေးရွာအနီး၊ ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် ၄၄၂/၆-၇ ကြားတွင် Mitsubishi Canter ၆ဘီး အဖြူရောင်ယာဉ်သည် လမ်း၏ ညာဘက်ပေ၁၅၀ခန့်နက်သော ရေချောင်းအတွင်းသို့ ထိုးကျသွားခြင်းကြောင့် တစ်ဦးသေဆုံးပြီး ၆ဦးဒဏ်ရာရရှိကြောင်း ကျိုင်းတုံ မီးသတ်ဌာနမှ သတင်းထုတ်ပြန်ထားသည်။
ယာဥ်တိမ်းမှောက်မှုကြောင့်ယာဉ်ပေါ်ပါ အမျိုးသား ၅ဦး၊ အမျိုးသမီး၂ဦး အနက် အမျိုးသားတစ်ဦး သေဆုံးပြီး ကျန်သူများ ထိခိုက်ဒဏ်ရာရကြောင်း၊ ယင်းထဲမှ အမျိုးသား ၂ဦးနှင့် အမျိုးသမီး ၂ဦးမှာ ပြင်းထန်ဒဏ်ရာရကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ထုတ်ပြန်ချက်အရသိရသည်။
ထိခိုက်သူများကို တိုင်းနေ၊ နှလုံးလှ၊ မိဘသွေးနှင့် မိုင်းဖြတ်နာ/ကူ အသင်းယာဥ်တို့ဖြင့် မိုင်းဖြတ်နှင့် ကျိုင်းတုံပြည်သူ့ဆေးရုံကြီးများသို့ အသီးသီး ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့နယ်အတွင်း ယခု ၂၀၂၅ခုနှစ်အတွင်း မတ်လ၁ရက်နေ့ မှ ယနေ့ဧပြီလ ၁၂ရက်အထိ ယာဥ်တိမ်းမှောက်မှုများကြောင့် စုစုပေါင်း သေဆုံးသူ ၁၇ဦး နှင့် ဒဏ်ရာရရှိသူ ၃၅ ဦးအထိရှိခဲ့သည်။
ဖြစ်စဥ်များမှာ မတ်လ၁ရက်ညပိုင်း စပါယ်ရှယ်တောင်အဆင်းတွင် GI Express ခရီးသည်တင်ယာဉ် ချောက်ထဲတိမ်းမှောက်ဖြစ်စဥ်တွင် ၇ဦး သေဆုံးပြီး ၂၅ဦး ဒဏ်ရာ ရရှိခဲ့သည်။
ဧပြီလ ၈ ရက် ည၁၁နာရီ ဝန်းကျင် စပါယ်ရှယ်တောင်အဆင်းတွင် ခရီးသည်တင်ယာဉ် Rozer ၆ဘီး ခရီးသည်ယာဉ် ထိုးကျသွားမှုကြောင့် ဧပြီ၉ရက်နေ့တွင် ၈ဦး သေဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့သည်။
ဧပြီလ၁၀ရက်၊ ည၈နာရီခွဲဝန်းကျင်တွင်မူ ကျိုင်းတုံမြို့ပတ်လမ်းတွင် ယာဉ်မောင်းသင်ရင်း မတော်တဆဖြစ်ကာ ပေ ၅၀ ခန့်ရှိသည့် ချောက်ထဲသို့ ကားထိုးကျသွားသည့်အတွက် အမျိုးသမီး တစ်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့သည်။
မဟာ
#MeKongNews
#ရှမ်းအရှေ့
#ကျိုင်းတုံ
#ယာဉ်တိမ်းမှောက်
#သေဆုံး








