မဲဲခေါင်၊ ဧပြီ ၆
ခရမ်းချဥ်စျေးကွက်တွင် စျေးနှုန်းများ မြင့်တက်လာသည့်အတွက် ငလျင်ဒဏ်ခံ အင်းလေးဒေသထွက် ခရမ်းချဥ်အင်းသီးများ စျေးကောင်းရလာကြောင်း ရှမ်းတောင်ခရမ်းချဥ်စျေးကွက်မှ သိရသည်။
ဧပြီလ ၅ ရက်တွင် အောင်ပန်းကုန်စည်ဒိုင်စျေးကွက် စျေးနှုန်းအရ တစ်ပိဿာ ကျပ် ၈၀၀ မှ ၁၇၀၀/၁၈၀၀ အထိ ရောက်ရှိလာကြောင်း ကုန်စည်ဒိုင် တစ်ခုမှ ပြောသည်။
“အောက်ဖက်မှာ အထွက်နည်းပြီလေ၊ စျေးက တစ်လ နှစ်လ အတွင်း ၃၅၀၀ အထိ တက်နိုင်တယ်။ အင်းသီးက ၁၇၀၀ အထိ ရှိနေပြီ။ ဒါက ပွဲရုံ သွင်းစျေးပေါ့။ တောင်သူတွေဆီမှာနဲ့ ၂၀၀ တော့ ကွာနိုင်တယ်” ဟု တာဝန်ရှိသူတစ်ဦးက မဲခေါင်ကို ပြောသည်။
အင်းလေးဒေသတွင် ခရမ်းချဥ်စျေး တစ်ပိဿာ ၂၀၀ ကျပ်အထိ စျေးကျဆင်းခဲ့သဖြင့် ခရမ်းချဉ်စိုက် ကျွန်းမျောများတွင် မခူးဆွတ်တော့ဘဲ ပစ်ထားခဲ့ကြသလို ငလျင်ဒဏ်ဒုက္ခများကြောင့်လည်း မခူးဘဲ ပစ်ထားခဲ့ကြရာမှ ယခု စျေးကောင်းရလာသဖြင့် ပြန်လည်ခူးဆွတ် ရောင်းချလာနေကြကြောင်း ဒေသခံများထံမှ သိရသည်။
“ကျပ်တစ်ထောင်ကျော်မှ အရင်းပြန်ရမှာဆိုတာ ငလျင်မခံရခင်ပါ။ ခုစျေး ၁၅၀၀ နဲ့ ဆိုတော့ နဲနဲ ခံသာတာပေါ့” ဟု အင်းလေး ခရမ်းချဥ်စိုက်တောင်သူတစ်ဦးက မဲခေါင်ကိုပြောသည်။
အင်းလေးဒေသ ရွာ ၄၄၅ ရွာရှိသည့်အနက် ရွာတိုင်းလိုလိုတွင် ခရမ်းချဥ်သီး စိုက်ပျိုးကြသော်လည်း စီးပွားဖြစ်စိုက်သည့်ရွာ ၁၄၆ ရွာ ရှိရာမှ ယခုစိုက်ရာသီအတွင်း ရွာပေါင်း ၁၀၀ ခန့်သာ စိုက်ပျိုးလျက်ရှိကြကြောင်း သိရသည်။
အင်းလေးဒေသတွင် ရှေ့ဝကြီး၊ ဟဲယာရွာမ၊ ကေလာ စသည့် ကျေးရွာများအပါအဝင် ကျေးရွာ ၁၉ ရွာမှာ မတ်လ ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် စစ်ကိုင်းငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရပြီး ပြန်လည်ထူထောင်ရေးအတွက် အကူအညီများ လိုအပ်နေသည်။
မဟာ
#MeKongNews
#အင်းလေးဒေသ
#ခရမ်းချဉ်သီး
#ဈေးကောင်းရ
#အောင်ပန်း
Photo – Aungban TD








