မဲခေါင်၊ ဧပြီ ၁
ကရင်နီပြည်နယ်၊ ဒီးမောဆိုမြို့အနောက်ခြမ်းရှိ စစ်ရှောင်အများစုနေထိုင်သော ကျေးရွာတရွာတွင် ငလျင်လှုပ်ခတ်ပြီးနောက်ရက် မတ်လ ၂၉ ရက်နေ့၌ မြေပြိုကျကာ ပေ ၁၀၀ ခန့် အနက်ရှိသည့် မြေကျင်းပေါ်လာကြောင်း ဒေသခံများက မဲခေါင်ကိုပြောသည်။
ပြိုကျချိန်တွင် ပေ ၃၀ ဝန်းကျင်သာနက်ပြီး ဆက်လက်ပြိုကျမှုကြောင့် ပေ ၁၀၀ ကျော်လာခဲ့ခြင်းဖြစ်ကြောင်း၊ တိုင်းတာရန်မလွယ်သလို တွင်းအဝကို ပတ်ကြည့်ရန်ပင်မလွယ်ကူကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ငလျင်နောက်ဆက်တွဲဖြစ်တာလို့တော့ ပြောတယ်။ ကျနော်တို့လည်း အဲ့လိုပဲထင်တယ်။ ငလျင်လှုပ်ပြီးနောက်ရက် နေ့လယ်ပိုင်းမှာ အင်ပင်ကနေ ဝုန်းဆိုပြီးတော့ ပြိုကျသွားတာ၊ တဖြေးဖြေးပြိုကျပြိုကျလာရင်းနဲ့ ဒီလောက်အကျယ်ကြီးဖြစ်သွားတာ။ အင်ပင် ၈ ပင် စာလောက်ရှိပြီ” ဟု၎င်းက ဆိုသည်။
လက်ရှိတွင် ယင်းတွင်းကြီးပတ်လည်အား ဒေသခံများက ကြိုးဖြင့်တားထားပြီး ဆက်လက်ပြိုကျမည်စိုးသောကြောင့် အနီးပတ်ဝန်းကျင်ရှိ လူနေအိမ်များ နေရာရွေ့ပြောင်းရန်လိုအပ်ကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၂၈ ရက်၊ နေ့လယ် ၁၂နာရီ ၅၁ မိနစ်ခန့်က လှုပ်ခတ်ခဲ့သော ပြင်းအား ၇ ဒဿမ ၇ ရစ်ချ်စတာစကေးအဆင့်ရှိ မြေငလျင်လှုပ်ခတ်မှုအား ကရင်နီဒေသတွင်းရှိ ပြည်သူများပါ ခံစားခဲ့ရပြီး ဒီးမော့ဆိုအနောက်ခြမ်းမှ စစ်ရှောင်များအားကိုးရာ နန့်စံဖူးချောင်းလည်း ၃ ပေခန့် ရေကျဆင်းခဲ့ပြီး ရေလည်းနောက်သွားသည့်အတွက် အသုံးပြုရန် အဆင်မပြေသေးကြောင်း သိရသည်။
ဂနိုက်
ဓာတ်ပုံ – CJ
#MeKongNews
#MyanmarEarthquake
#စစ်ကိုင်းငလျင်
#ဒီးမော့ဆို
#မြေကျင်း








