မဲခေါင်၊ ဧပြီ ၁
ရှမ်းပြည်တောင်ပိုင်း၊ ပင်လုံမြို့တွင် ယနေ့ ဧပြီလ ၁ ရက် နံနက် အစောပိုင်း၌ နေအိမ်တစ်လုံးမီးလောင်ကျွမ်းပြီး လူ ၄ ဦးသေဆုံးကြောင်း သိရသည်။
ဧပြီလ ၁ ရက်၊ နံနက် ၂နာရီခန့်တွင် ပင်လုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ပညာတံခွန်လမ်းရှိ သင်္ကန်းရောင်းသည့် နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းမီးလောင်ကျွမ်းမှုကြောင့်အမျိုးသမီး ၃ ဦးနှင့် အမျိုးသားတစ်ဦး စုစုပေါင်း ၃ ဦးသေဆုံးသွားကြောင်း ဒေသခံနှင့် မီးသတ်ဌာနမှ သိရသည် ။
“ကပ်လျက် အိမ်တွေ မီးဟပ်တာပဲရှိတယ်။ မနက် ၄နာရီမှာ မီးငြိမ်းတယ်။ မီးမလာလို့ ဖယောင်းတိုင်မီးထွန်းထားရာကနေ လောင်တာ၊ သေတာ တော့ အိမ်သားတွေပဲ။ ဆေးရုံကိုပို့ထားပြီ”ဟု ဒေသခံတစ်ဦးက ပြောသည်။
ယင်းမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသွားသူများမှာ ဦးညိုမြင့် ၅၈ နှစ်၊ ဒေါ်ခင်နှင်းဝေ ၅၄ နှစ်၊ ဒေါ်နန်းခင်မြ အသက် ၆၆ နှစ် နှင့် ဒေါ်ခင်သန်း အသက် ၆၈ နှစ် တို့ဖြစ်ပြီး လက်ရှိတွင် အလောင်းများကို ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။
ယမန်နေ့က မတ်လ ၃၁ရက်၊ နေ့လယ်၁နာရီကျော်ခန့် တွင်လည်း ပင်လုံမြို့ပြင်တွင် သံတိုသံစနှင့် ကပ်ထူများတင်ထားသည့် ၁၂ဘီးကားတစ်စီး ကားလမ်းဘေးတောမီးမှ ကားပေါ် မီးကူးစက်လောင်ကျွမ်းမှုဖြစ်ခဲ့ရာ ကားသမားမှ အနီးရှိရေကန်ထဲမောင်းချ မီးငြိမ်းသတ်လိုက်ရမှု ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
မဟာ
#MeKongNews
#မီးလောင်
#ပင်လုံမြို့
#သေဆုံး
#ဖယောင်းတိုင်မီး








