မဲခေါင်၊ မတ် ၂၈
စစ်ကိုင်းတိုင်းအတွင်း ယနေ့လှုပ်ခတ်သွားသည့် ပြင်းထန်ငလျင်ကြောင့် ထိခိုက်ခံစားရသူများကို ရှမ်းပြည်မြောက်ပိုင်း၊ MNDAA ထိန်းချုပ်ထားသည့် အထူးဒေသ (၁) လားရှိုးမြို့တွင် ဆေးဝါးကုသမှုပေးရန် ဆရာဝန်များ အသင့်ပြင်ထားကြောင်း လားရှိူးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ထံမှ သိရသည်။
အထူးဒေသ(၁)ကျန်းမာရေးဌာနနှင့် အခြားသက်ဆိုင်ရာဌာနများ၊ လူမှုကူညီရေးအသင်းအဖွဲ့များမှ ငလျင်ဒဏ်သင့်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် အသင့်ပြင်ဆင်ထားကြောင်း၊ လူအင်အား၊ ဆေးပစ္စည်းများနှင့် သယ်သူပို့ဆောင်ရေးယာဉ်များကိုလည်း အဆင်သင့်ပြင်ဆင်ထားကြောင်း လားရှိူးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့ တာဝန်ရှိသူ ကိုနေဝေစိုးက မဲခေါင်ကိုပြောသည်။
“မန္တလေးတို့ ဘာတို့မှာ ဆေးရုံမှာအရမ်းပြည့်တော့ တချို့လူနာတွေ ဆေးကုသလို့ မရတာတွေ ကြုံတွေ့နေရတဲ့အတွက် ဒီလားရှိုးမှာလာပြီးတော့ ဆေးကုသနိုင်တယ်ပေါ့နော်။ အဓိက အောက်ကိုဆင်းခေါ်ချင်ပေမယ့်လည်း လုံခြုံရေးကြောင့် ဆင်းခေါ်လို့မရဘူး။ လူနာတွေ ဒီဘက်ကိုလာနိုင်ရင် ဒီဘက်က အကုန်အဆင်သင့်စောင့်နေပါတယ်” ဟု ၎င်းကဆိုသည်။
ဆေးဝါးကုသစရိတ်အားလုံး ‘အခမဲ့’ ကုသပေးမည်ဖြစ်ပြီး တကယ်လိုအပ်နေသူများအား ကုသမှုပေးသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ရှင်းပြသည်။
မန္တလေးမြို့၊ စစ်ကိုင်းမြို့၊ ပျဉ်းမနားမြို့နှင့် ဆက်စပ်မြို့များတွင် ယနေ့ မတ်လ ၂၈ ရက်နေ့၌ လှုပ်ခတ်ခဲ့သော ၇.၇ အင်အားရှိ ပြင်းထန်ငလျင်ဘေးဒဏ် ဆိုးရွားစွာခံစားခဲ့ကြရပြီး လူသေကြေမှုများပြားခဲ့သည်။ ယနေ့ညပိုင်းတွင် စစ်ကောင်စီဘက်ကမူ ၁၄၄ ဦးသေဆုံးပြီး လူ ၇၀၀ ကျော် ဒဏ်ရာရကြောင်း သတင်းထုတ်ပြန်ထားသည်။
ဂနိုက်
#MeKongNews
#ငလျင်
#မန္တလေး
#လားရှိုး
#ဆေးကုသမှု








