မဲခေါင်၊ မတ်၂၂
ရှမ်းပြည်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မှာ အိမ်အတွင်း ထားသည့် ဆိုင်ကယ် ၃ စီးလုံး အခိုးခံခဲ့ရကြောင်း ပိုင်ရှင်များထံက သိရသည်။
ယနေ့ မတ်လ ၂၂ ရက် မနက်အစောပိုင်းတွင် အိမ်အတွင်း ထားရှိသည့် ဆိုင်ကယ် ၃ စီးလုံး အခိုးခံလိုက်ရခြင်းဖြစ်ကြောင်း အိမ်ရှင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“အိမ်မှာဆို အမေက ခွေးတစ်ချက်ဟောင်တာနဲ့ ထကြည့်နေတတ်တာ၊ ဒီညမှ အိမ်ကလူတယောက်မှမနိုးတာ ထူးဆန်းတယ်ဗျ။ အိမ်မှာမွေးထားတဲ့ခွေးလည်း ရှိတယ်။ ခွေးဟောင်သံတွေလည်း ဘေးအိမ်ကကြားတယ်။ အိမ်ကလူတွေ အကုန်အိပ်မောကျအောင်လုပ်ပြီး အကုန်ခိုးသွားတာ” ဟု ၎င်းက ပြောသည်။
အခိုးခံရသည့်ဆိုင်ကယ်များမှာ ၂၀၁၈ ခုနှစ်ထုတ် Honda Wave 110 အနီအနက်ရောင်၊ 2019 ခုနှစ်ထုတ် 110 အနီရောင်နှင့် 2020 ခုနှစ်ထုတ် 125 အဖြူအနီရောင် ၃ စီးပျောက်သွားခြင်းဖြစ်ပြီး အမှုမဖွင့်ရသေးကြောင်း သိရသည်။
ပြီးခဲ့သည့် မတ်လ ၆ ရက်ကလည်း ကျိုင်းတုံမြို့၊ နောင်လိတ်အရပ်ရှိ တရုတ်စာသင်ကျောင်းမှကလေးကို သွားကြိုသည့် သားအမိကို လူ ၂ ဦးက ရန်ပြု၍ ဆိုင်ကယ်ကိုလုယူခဲ့သဖြင့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့သေးသည်။
ကျိုင်းတုံမြို့မှာ ရှမ်းပြည်အရှေ့ပိုင်းမြို့တော်ဖြစ်သလို တြိဂံဒေသတိုင်းစစ်ဌာချုပ်နှင့် ပြည်နယ်ခွဲ ထွေအုပ်အဆင့်၊ ပြည်နယ်ရဲမှူးကြီးအဆင့်ရှိသည့်မြို့ဖြစ်သော်လည်း မြို့ပေါ်တွင် ခိုး၊ ဆိုး၊ လုယက်မှု စသည့် ရာဇဝတ်မှုများ မကြာခဏဖြစ်ပွားနေသည်ကို ထိန်းသိမ်းနိုင်စွမ်းမရှိသဖြင့် မြို့နေလူထုက လုံခြုံမှုမရှိသည့်မြို့အဖြစ် ဝေဖန်နေကြသည်။
မဟာ
#MeKongNews
#ကျိုင်းတုံ
#ဆိုင်ကယ်
#သူခိုး
#တြိဂံဒေသတိုင်း








