မဲခေါင်၊ မတ် ၂၁
ထိုင်းနိုင်ငံရှိ ဂျပန်သံရုံးမှတစ်ဆင့် သတင်းအချက်အလက်များပေးပို့ပြီး ထိုင်းရဲတပ်ဖွဲ့ကို ဖမ်းဆီးပေးရန် တောင်းခံထားသည့် ဂျပန်ယာကူဇာ ဂိုဏ်းအဖွဲ့ဝင်ဟောင်း၊ ကျားဖြန့်ခေါင်းဆောင်ကို ဖမ်းဆီးရမိခဲ့သည်ဟု မတ် ၂၀ ရက်တွင် ထိုင်းအမျိုးသားစုံစမ်းစစ်ဆေးရေးမှူးချုပ် ရဲမှူးချုပ် သက်ချိုင်ပစ်တနီလာဘတ် ဦးဆောင်သော တာဝန်ရှိသူများက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ထုတ်ပြန်ခဲ့သည်။
အသက် ၄၇ နှစ်ရှိပြီဖြစ်သော ယာမာဂူချီ အမည်ရှိ အမျိုးသားသည် ဂျပန်တွင် ရန်ပြုမှု၊ လိမ်လည်မှု၊ ခိုးမှုများဖြင့် အမှုပေါင်းများစွာနှင့် စွဲချက်တင်ခံထားရသူဖြစ်ကာ ယခင်ယာကူဇာဂိုဏ်းစတားဟောင်း တစ်ယောက်ဖြစ်သလို လက်ရှိတွင် ကမ္ဘောဒီးယားနှင့် ဗီယက်နမ်ရှိ ကျားဖြန်လုပ်ငန်းများကို ထူထောင်ကာ ဂျပန်နိုင်ငံကို ပစ်မှတ်ထား လိမ်လည်သည့်လုပ်ငန်းများလုပ်နေသူ ခေါင်းဆောင်ဖြစ်သည်။
ယာမာဂူချီသည် ဘန်ကောက်ရှိ ဆာသွန်အရပ်၌ တစ်လ ဘတ် ၁၈၀၀၀၀ ပေးငှားရမ်းထားသော ဇိမ်ခံ တိုက်ခန်းတွင် ငှားရမ်းနေထိုင်ပြီး ၂၀၂၄ ခုနှစ်တွင် ထိုင်း၌ Last Samurai Japan အမည်ဖြင့် ကုမ္ပဏီ ထူထောင်ကာ ထိုကုမ္ပဏီမှတစ်ဆင့် ကျားဖြန်လုပ်ငန်းမှ ရရှိသော လိမ်လည်ငွေများကို ငွေကြေးခဝါချမှုများ ပြုလုပ်နေခဲ့ကြောင်း၊ ဂျပန်သံရုံးမှ သတင်းပေးသည့်အတွက် မတ်လဆန်းပိုင်းမှာပင် ဖမ်းဆီးရမိထားပြီး စစ်ဆေးနေစဉ် ငွေသား ဘတ်သန်း ၃၀ တန် ဒစ်ဂျစ်တယ်ငွေကြေးများ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ဂျပန်အစိုးရတောင်းဆိုထားသည့်အတိုင်း ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ပေးထားမှုကို မတ် ၁၃ ရက်တွင် ရုတ်သိမ်းကာ ဂျပန်သို့ ပြန်ပို့ရန် စီစဉ်နေကြောင်း သိရသည်။
အခြားသော ကျားဖြန်နှိမ်နင်းရေးဖြစ်စဉ်တွင်လည်း ထိုင်းအိမ်နီးချင်းနိုင်ငံတွင် ကျားဖြန်လုပ်ငန်း၌ ဘဏ္ဍာရေးအတိုင်ပင်ခံလုပ်နေသူ ဂျပန်အစိုးရအလိုရှိ ရာဇဝတ်သား မီယာရှီတာ (၃၆ နှစ်) ကိုလည်း လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှဖမ်းဆီးပြီး ထိုင်းအစိုးရထံ အပ်နှံခဲ့ကြောင်း၊ ထိုကွင်းဆက်များမှတစ်ဆင့် ဓားစာခံဖြစ်ရသော ဂျပန်နိုင်ငံသားလူငယ်နှစ်ယောက်ကိုလည်း ကျားဖြန်လုပ်ငန်းများမှ ကယ်တင်နိုင် ခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ရှင်းလင်းထုတ်ပြန်ခဲ့သည်။
ကိုကလင်း
Ref:Khaosod
#MeKongNews
#ဂျပန်ရာကူဇာ
#ကျားဖြန့်
#ထိုင်းရဲတပ်ဖွဲ့
#ကာမာဂူချီ








