မဲခေါင်၊ မတ် ၁၉
ရှမ်းပြည်တောင်ပိုင်းမှထွက်သည့် ကင်ပွန်းသီးခြောက်များ သင်္ကြန်မတိုင်မီ ဝယ်လိုအားများလာပြီး စျေးကောင်းရနေကြောင်း ဒေသတွင်းကုန်စည်ဒိုင်များထံမှ သိရသည်။
မတ်လ ၁၈ ရက်တွင် ကင်ပွန်းသီးခြောက် တစ်ပိဿာပေါက်စျေး ကျပ် ၃၀၀၀ မှ ၃၅၀၀ အထိရှိနေပြီး ဝယ်လိုအားကောင်းနေကြောင်း၊ ကင်ပွန်းသီးခြောက် ပိဿာ ၂၀၀၀ ကျော်ကို နတ်မောက်ဘက်မှဝယ်ယူပြီး ရန်ကုန်၊ မန္တလေးဘက်မှလည်း ရသမျှဝယ်ယူရန်ရှိပြောဆိုထားကြောင်း အောင်ပန်းမြို့အခြေစိုက် ကုန်စည်ဒိုင်တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ပုံမှန်ထက် သင်္ကြန်မှာ ခေါင်းဆေးမင်္ဂလာပြုကြတော့ တရော်ကင်ပွန်းကို အများဆုံးအသုံးပြုကြတော့ စျေးကွက်ဝယ်လိုအားများတယ်။ ဒီနှစ်က ပိုများတယ်။ မြန်မာပြည်အလယ်ပိုင်းက ပိုဆွဲတယ်” ဟု ၎င်းကပြောသည်။
ယမန်နှစ် ယခုလိုအချိန်တွင် ကင်ပွန်းသီးခြောက်ဈေးနှုန်းမှာ တစ်ပိဿာ အမြင့်ဆုံး ကျပ် ၂၅၀၀ သာ ရရှိခဲ့ရာ ယခုနှစ်တွင် စျေးပိုမြင့်တက်လာခြင်း ဖြစ်သည်။
ကင်ပွန်းစျေးကွက်မှာ အသီးခြောက်အပြင် အမှုန့်သုံးစွဲမှု တစ်နှစ်ပတ်လုံးရှိသဖြင့် အမှုန့်တစ်ပိဿာ ကျပ် တစ်သောင်းအထိ ရှိနေသည်ဟု သိရသည်။
ကင်ပွန်းသီးမှာ ရှမ်းပြည်နယ်တောင်ပိုင်းတစ်ခုလုံးထွက်ရှိပြီး အထူးသဖြင့် လဲချား၊ ပင်လုံဘက်မှ အများဆုံးထွက်ရှိကြောင်း၊ ရွာငံဘက်တွင် အမှုန့်ထုတ်လုပ်ရောင်းချမှုများရှိကြောင်း သိရသည်။
“မြန်မာတွေ ရိုးရာဆေးဘက်ဝင် ဖြစ်တာ၊ ဓာတုဆေးတွေ မပါတာ၊ ခေါင်းလျှော်ခေါင်ဆေးမင်္ဂလာပြုကြတာ၊ နိမိတ်ကောင်းယူတာတွေမှာ မင်္ဂလာဝင်အသီးဖြစ်လို့ စျေးကွက်ကတော့ ရှင်သန်နေမှာဖြစ်တယ်”ဟု အောင်ပန်းကုန်သည်ကြီး တစ်ဦးကပြောသည်။
ဈေးကွက်အတွင်း ဆပ်ပြာရည်၊ ခေါင်းလျှော်ရည် အမျိုးအစားပေါင်းများရှိသော်လည်း တိုင်းရင်းရိုးရာဓလေ့ တရော်ကင်ပွန်း ခေါင်းလျှော်ရည်မှာ မြန်မာနိုင်ငံအတွင်း အသုံးများနေဆဲဖြစ်သည်။
#MeKongNews
#ရှမ်းတောင်
#တရော်ကင်ပွန်း
#ဝယ်လိုအားများ
#ခေါင်းလျှော်ရည်
#သင်္ကြန်








