မဲခေါင်၊ မတ် ၁၇
TNLA ထိန်းချုပ်နယ်မြေ နောင်ချိုမြို့ကို ယနေ့ မတ်လ ၁၇ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်သည်။
ယနေ့နံနက်ပိုင်း ၁၁ နာရီ ၄၅ မိနစ်ခန့်တွင် ပေါင် ၅၀၀ ဗုံးသီး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လေယာဉ်ပေါ်မှ စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုမှာ နောင်ချိုမြို့နယ်၊ ကျောက်ကြမ်းကျေးရွာကို ထိမှန်ကြောင်း မြေပြင်သတင်းရင်းမြစ်က ပြောသည်။
“ကျောက်ကြမ်းကိုချတာက ကျတာ(သေဆုံးမှု)ရှိတယ်။ အခုထိသေချာမသိရသေးဘူး” ဟု နောင်ချိုမြို့နေထိုင်သူတစ်ဦးက မဲခေါင်ကိုပြောသည်။
ဒေသခံများ အင်တာနက်သုံးစွဲသောနေရာကို လာရောက်ကြဲချခဲ့ခြင်းဖြစ်သည်ဟူသော သတင်းစကားများပေါ်ထွက်နေသော်လည်း အင်တာနက်သုံးစွဲသည့်နေရာကိုကျရောက်ခြင်းမဟုတ်ကြောင်း ဒေသခံတဦးက ပြောသည်။
နောင်ချိုမြို့တွင် အင်တာနက်လိုင်များ၊ ဖုန်းလိုင်းများနှင့် ဂြိုဟ်တုအင်တာနက်(Starlink)များပါ ကန့်သတ်ထားဆဲဖြစ်သည်။
မတ်လ ၁၆ ရက်နေ့ ညနေပိုင်း ၅ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီက နောင်ချိုမြို့၊ တောင်ရပ်ကွက်ရှိ ဒေသခံအများအပြားစစ်ရှောင်နေသော စိန်ရတနာပရိယတ္တိစာသင်တိုက်အား စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုကြောင့် သာမဏေနှင့်သံဃာတော်များအပါအဝင် ၁၄ ဦးသေဆုံးခဲ့ပြီး ယနေ့တွင် သာမဏေတပါး ထပ်မံပျံလွန်တော်မူသွားရာ သေဆုံးသူ ၁၅ ဦးအထိ ရှိလာခဲ့သည်။
နောင်ချိုမြို့သည် ပြင်ဦးလွင်မှ လက်နက်ကြီးပစ်ခတ်နိုင်သော အကွာအဝေးတွင်တည်ရှိနေပြီး မြေပြင်တွင်စစ်ကောင်စီတပ်များနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲမကြာခဏဖြစ်ပွားသည့်အတွက် စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်ခံမှုများ မကြာခဏပြုလုပ်လျက်ရှိသည်။
ဂနိုက်
#MeKongNews
#နောင်ချို
#လေကြောင်းတိုက်ခိုက်
#စစ်ကောင်စီ
#ဗုံးကြဲ








