မဲခေါင်၊ မတ်၁၅
တိုက်ပွဲပြင်းထန်နေသည့် မိုးဗြဲမြို့တိုက်ပွဲအတွင်း အနည်းဆုံး စစ်ကောင်စီတပ်သား ၁၅ ဦး သေဆုံးပြီး လက်နက် ၉ လက်ရရှိကြောင်း ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာနှင့် KNDF တို့မှ ယနေ့ မတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။
မတ်လ ၁၄ ရက်တွင် တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်များကို ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး တပ်သား ၁၅ ဦး သေဆုံးပြီး ဒဏ်ရာအများအပြားရရှိကာ ပြန်လှည်ဆုတ်ခွာသွားခဲ့ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ယင်းတိုက်ပွဲသည် မတ်လ ၁၃ ရက်နေ့တွင် စစ်ကောင်စီတပ်မှ ဒရုန်း၊ လက်နက်ကြီးများ အလွန်အကြူးအသုံးပြုကာ ထိုးစစ်ဆင်တိုက်ခိုက်မူကြောင့် ရှေ့တန်းကင်းနေရာအချို့ တပ်ဆုတ်ပေးခဲ့ရပြီးနောက် တော်လှန်ရေးတပ်များဘက်မှ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ခြင်း ဖြစ်သည်။
ထိုတိုက်ပွဲအတွင်း တော်လှန်ရေးအင်အားစုဘက်မှ KNDF/B-03 မှ ရဲဘော်တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့သည်ဟု ဆိုသည်။
“နေ့ထူးနေ့မြတ်ကြီးတစ်နေ့ကို ပိုင်ဆိုင်ထားခြင်း မရှိသေးပေမဲ့ ကျနော်တို့ တပ်ပေါင်းစုကာကွယ်ရေးအဖွဲ့တို့ အသာစီးနဲ့တော်လှန်နိုင်တဲ့ နေ့တစ်နေ့ဆိုလို့ရမယ့်တိုက်ပွဲပါ။ ဆက်လက်ဝိုင်းဝန်းကူညီဖို့လည်း ဖိတ်ခေါ်ပါတယ်ဗျ” ဟု ရှမ်းတောင်စစ်ဒေသခွဲ၊ အမှတ်(၁)ဗျူဟာ ပြန်ကြားရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
ယင်းမိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဓါတ်ငွေ့ဗုံးများပစ်ခတ်ခြင်းနှင့် မီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်သည်ကို တွေ့ရှိရပြီး ယင်းမီးလောင်ဗုံးများ အသုံးပြုတိုက်ခိုက်မူကြောင့် မတ်လအတွင်း မိုးဗြဲမြို့ပေါ်ရပ်ကွက်များအတွင်း နေအိမ်အနည်းဆုံး ၁၅ လုံးနှင့်အထက် မီးလောင်ပျက်စီးခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။
လူနေရပ်ကွက်များအတွင်းသို့ မိုးဗြဲအခြေစိုက် စစ်ကောင်စီ၏ အမှတ် ၄၂၂ အမြှောက်တပ်ကလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲခြင်းများ ပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“တချို့ ပေါင် ၅၀၀ ဗုံးတွေ မကွဲလို့ တော်သေးတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီသည် မိုးဗြဲကိုရရှိရန် ၂၀၂၄ ခုနှစ် ဒီဇင်ဘာမှစ၍ ယနေ့ထိ လူအင်အားနှင့်ဒရုန်းများ၊ လက်နက်အင်အားသာလွန်စွာအသုံးပြု၍ ထိုးစစ်ဆင်မူကို တော်လှန်ရေးအင်အားစုများဖြစ်ကြသော ရှမ်းတောင်စစ်ဒေသခွဲ အမှတ်(၁)ဗျူဟာ၊ ကရင်နီ အမျိုးသားများကာကွယ်ရေးတပ်နှင့် အခြားတပ်ပေါင်းစုများမှ ခုခံတွန်းလှန်လျက်ရှိကြောင်း သိရသည်။
မဟာ
#MeKongNews
#မိုးဗြဲတိုက်ပွဲ
#KNDF
#ရှမ်းတောင်အမှတ်၁ဗျူဟာ
#မီးလောင်ဗုံး
#ဓာတ်ငွေ့ဗုံး








