မဲခေါင်၊ မတ် ၁၃
ထိုင်း-မြန်မာနယ်စပ် မြန်မာ ဒုက္ခသည်စခန်းများ အမေရိကန်၏ မူဝါဒပြောင်းလဲမှုနှင့် အထောက်အပံ့ များရပ်ဆိုင်းလိုက်ခြင်းကြောင့် ကြုံနေရသည့် ဒုက္ခများ ဖြေရှင်းနိုင်ရန် နည်းလမ်းများရှာဖွေရမည်ဟု ထိုင်း ပရာချာချွန်ပါတီလွှတ်တော်အမတ်၊ နိုင်ငံလုံခြုံရေး အောက်လွှတ်တော်ကိုယ်စားလှယ်များ ဥက္ကဌ ရန်ဆီမန်ရုမ်းက မတ် ၁၃ ရက်တွင် မီဒီယာများနှင့် အင်တာဗျူး၌ ပြောကြားသွားခဲ့သည်။
ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက် ကမ္ဘာလုံးဆိုင်ရာ အမေရိကန်၏ အကြီးမားဆုံး လူသားချင်း စာနာမှုဆိုင်ရာ အကူအညီပေးနေသော USAID အထောက်အပံ့ ၈၃ ရာခိုင်နှုန်းကို ရပ်ဆိုင်းလိုက်ရာတွင် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် မြန်မာဘက်မှ ဒုက္ခသည် ၁ သိန်းကျော်ကို နှစ်ပေါင်း ၃၀ ကျော် ၄၀ ကြာစောင့်ရှောက်လာသည့် စခန်းပေါင်း ၉ ခုစလုံးတွင် အထောက်အပံ့မဲ့၊ စခန်းတွင်း ဆေးရုံများပိတ်ရခြင်းနှင့် စားနပ်ရိက္ခာ လက်ကျန်ပြတ်လပ်လုအနေအထားများကြောင့် ထိုင်းနယ်စပ်ရေးရာ အမျိုးသား မဟာဗျူဟာအဖွဲ့ ဦးဆောင်သူလည်းဖြစ်သော ရန်ဆီမန်ရုမ်းက အေဂျင်စီများ၊ NGO များနှင့်တွေ့ဆုံပြီး အမြန်ဆုံး အဖြေရှာနိုင်ရေး အစည်းအဝေးလုပ်ရန် စီစဉ်ထားသည်။
ထိုအစည်းအဝေးမတိုင်မီ ရန်ဆီမန်ရုမ်းက ဒုက္ခသည်စခန်းမှ လူများသည် အပြင်ထွက်ခွင့် မရှိ၊ စခန်းတွင်း ဆေးရုံများ၊ ကျန်းမာရေးစောင့်ရှောက်မှု စခန်းများ မရှိနိုင်တော့သဖြင့် သေဆုံးမှုများရှိနေခြင်း၊ ထိုင်းအစိုးရဘက်မှ ပြည်ပအကူအညီပြန်ရသည်အထိ စောင့်ရှောက်ကျွေးမွေးထားနိုင်ရန်လည်း မဖြစ်နိုင်ခြင်း၊ နယ်စပ်ဒေသ ထိုင်းဆေးရုံများသည်လည်း အဆိုပါ ဒုက္ခသည်များနှင့် မြန်မာနိုင်ငံမှ လာရောက်သ များကို အခမဲ့ကူညီကုသပေးနေခြင်းအားဖြင့် နိုင်ငံတော်အကြွေးများပင် တင်ရှိနေခြင်းကြောင့် မည်သို့ နည်းလမ်းရှာဖြေရှင်းရမည်ကို ကြိုးစားအကောင်အထည်ဖော်ရမည်ဟု ဦးစွာပြောကြားသွားခဲ့သည်။
နိုင်ငံတကာအကူအညီ ပြန်ရနိုင်ရေးသည်လည်း မည်မျှကြာမြင့်ကာ ရနိုင်၊ မရနိုင်ပင် မရေရာတော့သည့် အနေအထားတွင် ဒုက္ခသည်စခန်းအတွင်းမှ လူများထွက်ပြေးပြီး ဘန်ကောက်၊ ဖူးခက်၊ ချင်းမိုင် အစရှိသည့် နိုင်ငံ စီးပွားရေးမြို့တော်များဆီ သွားရောက်ကြမည်ဆိုလျှင် ယခင်ကတည်းက ခိုးဝင်ပြည်ပလုပ်သားများပြဿနာ ဖြေရှင်းရန် ခက်ခဲနေသည့်အခြေအနေ ပိုဆိုးသွားမည်ကို စဉ်းစားရမည်ဖြစ်သည်ဟု ဆိုသည်။
ဒုက္ခသည်များဆိုသော်လည်း နှစ်ပေါင်း ၃၀၊ ၄၀ ကြာနေထိုင်ခဲ့သူများဖြစ်သောကြောင့် ပိုမိုစာနာခြင်း အားဖြင့် နီးစပ်ရာဒေသတွင်းများ၌ အလုပ်အကိုင် အခွင့်အလမ်းပေးခြင်းဖြင့် မြို့ပြပေါ် ခိုးသွားမှု ပြဿနာ၊ ထိုင်းနိုင်ငံ၏ လုပ်သားလိုအပ်ချက်ပြဿနာကို ဖြေရှင်းပေးနိုင်မည့် အနေအထားသည်လည်း နည်းလမ်းတစ်ခုဖြစ်နိုင်သည်ဟု ရန်ဆီမန်ရုမ်းက ရှင်းလင်းပြောကြားခဲ့သည်။
Ref:Khaosod
ကိုကလင်း
#MeKongNews
#ထိုင်းမြန်မာ
#နယ်စပ်
#ဒုက္ခသည်
#ဖြေရှင်းနိုင်ရေး








