မဲခေါင်၊ မတ် ၁၃
ရှမ်းပြည်တောင်ပိုင်း၊ တောင်လေးလုံးညောင်ရွှေထောင်ရှိ အမျိုးသားဆောင်များတွင် ချိုးရေရရှိမှုနည်းပါးခြင်းနှင့် လူများနေသည့်အတွက် ယားနာများ ဖြစ်ပွားနေကြောင်း သိရသည်။
ညောင်ရွှေမြို့နယ်အတွင်း အလုံပိတ်၊ အုတ်ရိုးကာ ထောင်ကြီးနှင့် သံစည်းရိုးကာ တောင်လေးလုံးထောင် ၂ ခုရှိရာ ထောင်မကြီးရှိ အမျိုးသားထောင်ကျဆောင်များတွင် ယားနာများ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အကျဉ်းသားမိသားစုဝင်များထံမှ သိရသည်။
“ထောင်နဲ့ယားနာကတော့ မဆန်းပါဘူး။ အဓိကက လူများတော့ ကူးစက်တာပါ။ ဆေးမနိုင်ရင် ပိုဆိုးတာပေါ့။ တစ်ကိုယ်ရေသန့်ရှင်းဖို့က မလွယ်ဘူးလေ၊ အပြင်က ဘာစကေဘီလ်လို ယားနာ အရည်ဆေးတွေ ပြန်သွင်းခွင့်ရစေချင်တယ်။ ဒါမှ တစ်ကိုယ်လုံး လိမ်းလို့ ရမှာ၊ ရရင် အလျင်းမပျောက်တောင် သက်သာမယ်၊ ခုက ညှစ်ဆေးဘူးပဲရတော့ ရောဂါကို မနိုင်ဘူး” ဟု ညောင်ရွှေထောင်ကျတစ်ဦး၏ မိသားစုဝင်တစ်ဦးက မဲခေါင်ကို မတ် ၁၃ ရက်တွင်ပြောသည်။
ထောင်တွင်းဖြစ်ပွားမှုအများဆုံးမှာ အဖုအနီများပေါက်သည့် ယားနာဖြစ်ပြီး ဝဲ ပေါက်သူလည်းများကြောင်း သိရသည်။
“ရေက တန်းဖွင့်/ပိတ် ၂ ခါမှာ ချိုးရတယ်။ ခပ်တစ်ခွက်နဲ့ ၆ ခွက်လောက်မှာ ဆပ်ပြာတိုက်ရတာ စုစုပေါင်း ၁၄၊ ၁၅ ခွက်ထက် မပိုဘူး။ အလှူရှင်တွေသာ ရေများများချိုးရတာ။ ယားနားသမားတွေက ဆပ်ပြာတိုက်ရင် ပိုဆိုးတယ်။ ထောင်ကပေးတဲ့ ကော့စတစ်များတဲ့ဆပ်ပြာဆို အဝတ်လျှော်ပဲရတယ်။ ခန္ဓာကိုယ်တိုက်ရင် ကော့စတစ်စားတာ ယားနာလိုပဲ” ဟု နိုင်ငံရေးအကျဥ်းသားဟောင်းတစ်ဦးက ပြောသည်။
ထောင်ထဲမှ ရလာသည့် ယားနာကို အပြင်အထိ ကုခဲ့ရသည်ဟု ၎င်းက ဆိုသည်။
ထောင်အတွင်း၌ လူများ၍ သန့်ရှင်းရေးလုပ်သည့်အခါ ဖုံမှုန့်များ ရှုရှိုက်ရသဖြင့် ထိပ်ခတ်နာ ခေါ် နှာခေါင်းပြည်တည်နာလည်း ဖြစ်ကြပြီး ဝမ်းပျက်ဝမ်းလျှော၊ ဝမ်းကိုက်နာများလည်း ဖြစ်ကြသည်ဟု ယင်းနိုင်ငံရေးအကျဉ်းသားဟောင်းက ၎င်း၏ အတွေ့အကြုံနှင့် နှိုင်းယှဉ်ပြောပြသည်။
“အဓိက က ဆေးဝါးကုသခွင့် လုံလောက်အောင်မရကြတာပါ။ ရောဂါကြီးတွေဖြစ်တဲ့ နှလုံး၊ သွေးတိုး၊ ကျောက်ကပ်၊ ဂေါက်၊ ဆီးချိုသမားတွေ ထောင်ထဲ ကျဆုံးရတဲ့ အဓိကအကြောင်းပါ” ဟု ၎င်းက ပြောသည်။
ထောင်ထဲရှိ အဆောင်များတွင် ခေါင်းရင်းခန်း၊ အလှူရှင်တန်း၊ ဘေးတန်းနှင့် အလယ်တန်းဆိုပြီး အိပ်ရာနေရာများခွဲခြားထားကြောင်း၊ ခေါင်းရင်းခန်းမှာ ထောင်ပိုင်ပတ်သက်များ၊ အခန်းလူကြီး (တန်းစီး)ပတ်သက်များ နေရပြီး အလှူရှင်တန်းမှာ ထောင်မှ လိုအပ်သည့် ပစ္စည်းနှင့်ငွေကို လိုတိုင်း လှူပေးရသူများ နေထိုင်ရကာ ဘေးတန်းမှာ တခါတရံ လှူသူများဖြစ်ပြီး အလယ်တန်းမှာ ထောင်အခေါ် ဂျလုံးပလုံးဟုခေါ်ပြီး ငွေကြေးမတတ်နိုင်သူများနေရကြောင်း သိရသည်။
ထောင်အတွင်း ထောင်ကျ တန်းစီး၊ စည်းကမ်းထိန်း၊ ဘာယာ အလုပ်များအပြင် သန့်ရှင်းရေးမိလ္လာ၊ တောင်ယာ၊ အလုပ်ရုံ၊ ရုံးအလုပ်များရှိပြီး ခွင့်ပြုချက်ရ စာကြည့်ခွင့်လည်းရှိနေကြောင်း သိရသည်။
နေ့စဥ် အိပ်ယာဝင်၊ အိပ်ယာထ တရားတော်များဖွင့်ပေးပြီး ကျသစ် ခေါ် လူသစ် ပုံစံခန်းတွင် ငွေဖန်မှု၊ ရိုက်နှိက်မှုများရှိကာ ခိုးခြင်း၊ ရန်ဖြစ်ခြင်းရှိပါက ဒေါက်ခပ်၊ တိုက်ပိတ်ခြင်းများ ရှိကြောင်း သိရသည်။
ညောင်ရွှေထောင်ကြီးသည် သေဒဏ်အထိထားနိုင်သည့် “ကဂ အဆင့် စာရင်းဝင်ထောင်ဖြစ်ပြီး အဆောင် ၇ ဆောင်အနက် အဆောင် ၃ နှင့် ၄ မှာ ၂ ထပ်ဆောင်ဖြစ်ပြီး တစ်ဆောင်လျင် ၅ ခန်းမှ ၈ ခန်းအထိ ရှိကာ တစ်ခန်းလျင် အနည်းဆုံး လူ ၇၀ မှ ၂၀၀ အထိ ရှိနေကြောင်း သိရသည်။
မဟာ
#MeKongNews
#တောင်လေးလုံးထောင်
#ညောင်ရွှေမြို့နယ်
#ယားနာ
#အမျိုးသားဆောင်








